သရက်မြို့ ကပစ စက်ရုံတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က တောနင်းရှာဖွေမှုလုပ်၊ ရွာမီးရှို့မယ်လို့ လည်းခြိမ်းခြောက်

မကွေးတိုင်း၊ သရက်မြို့ အခြေစိုက် အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံကို ဒေသကာကွယ် ရေးအဖွဲ့ တွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်တပ်က အဲ့ဒီဝန်းကျင်တဝိုက်တောနင်း ရှာဖွေမှုတွေ လုပ်ခဲ့သလို အလားတူတိုက်ခိုက်မှုမျိုး ထပ်ရှိလာရင် ရွာမီးရှို့မယ်လို့လည်း ပတ်ဝန်းကျင်ကျေးရွာတွေကို ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက DNA ကိုပြောပါတယ်။

“မနေ့က သူတို့၊ ကျွန်တော်တို့ပစ်ခတ်ခဲ့တယ်လို့ ယူဆတဲ့နေရာတွေကို နယ်မြေရှင်းလင်းတာတွေ လုပ်တယ်၊ ဒေသခံတွေကိုတော့ ကြိမ်းဝါးသွားတာမျိုးရှိတာမျိုးပေါ့၊ နောက်တစ်ခါ အခုလိုပစ်ခတ်တာမျိုးတွေဖြစ်ရင် ရွာတွေကိုမီးရှို့မယ်လို့ ခြိမ်းခြောက်သွားကြတယ်”လို့ သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေကို တောနင်းရှာဖွေပြီးနောက် ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သေးပေမယ့် အတည်မပြုနိုင်သေးပါဘူး။

သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကတော့ “အဲ့လို ဖမ်းဆီးစစ်ဆေးတယ်လို့တော့ မကြားမိဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ကပစ ၁၂ တပ်တွင်းကနေ  ဖေဖော်ဝါရီ ၁၅ရက်နဲ့ ၁၆ရက်ညပိုင်းတွေမှာ လက်နက်ကြီးပစ် ဖောက်တာ၊ လက်နက်ငယ်တွေနဲ့ တပ်တွင်းကနေ ရမ်းသန်းပစ်ခတ်တာတွေကိုလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သရက်မြို့ အခြေစိုက် အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဖေဖော်ဝါ ရီ ၁၅ရက် ညပိုင်းက ၉၀မမ ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုမှာတော့ ရှော့တိုက်ဒုံးတလုံး ကပစ ၁၂ရဲ့ လူပျိုဆောင်နှစ်ခုကြား ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်တလုံးကတော့ ချို့ယွင်းမှုကြောင့် ပေါက်ကွဲတာမရှိခဲ့ဘူးလို့ သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ကပစ ၁၂ တပ်က စစ်သားအင်အား စုစုပေါင်း ၄၀ နီးပါးနဲ့ တောနင်းရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

Photo – Eagle Force

ပုံစာ – သရက်ခရိုင် PDF တပ်ရင်း (၄) တပ်ဖွဲ့ဝင်အချို့