ဂန့်ဂေါမြို့မှာ ချင်းပြည်ဘက်ကသယ်လာတဲ့ ​ဒီတိုနေတာအချောင်းငါးထောင်ကျော် စစ်ကောင်စီက ဖမ်းဆီး

မကွေးတိုင်း၊ဂန့်ဂေါမြို့၊ အမှတ် (၁) စစ်ဆေးရေးဂိတ်မှာချင်းပြည်နယ်ကနေ မန္တလေးဘက်ကိုသွားမယ့် ခရီးသည်တင်ကားနှစ်စီးပေါ်ကနေ ဖောက်ခွဲရေးပစ္စည်းဒီတိုနေတာ အချောင်း ငါးထောင့်ငါးရာကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၅ရက် မနေ့ကဖမ်းဆီးမိတယ်လို့ဒေသခံတွေကပြောပါတယ်။

အဆိုပါဖမ်းဆီးရမိတဲ့သတင်းကို စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကဖော်ပြခဲ့ပြီး ဖမ်းဆီးခံရတာမှန်ကန်တယ်လို့ ဂန့်ဂေါဒေသခံတွေဆီကသိရပါတယ်။

“ဂန့်ဂေါမှာမိတာက ဒန်ကတ်သီးအတိုတွေ၊ မိုင်းလုပ်တဲ့နေရာမှာသုံးတာ” လို့ တော်လှန်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

အဲဒီဖောက်ခွဲရေးပစ္စည်းတွေဟာ ဘယ်အဖွဲ့အစည်းကပိုင်ဆိုင်တယ်ဆိုတာတာရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။

ဖေဖော်ဝါရီ ၁၅ ညနေ ၄ နာရီခန့်က ဂန့်ဂေါမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ  စစ်ဆေးရေးဂိတ်မှာ ဟားခါးမြို့ဘက်ကနေ မန္တလေးမြို့ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်ယာဉ်မှာ ဖောက်ခွဲရေးသုံး ဒီတိုနေတာအချောင်းငါးရာတွေ့ရှိ ပထမ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီမီဒီယာ Fifty Two ကဖော်ပြထားပါတယ်။

 

အဆိုပါယာဉ်မောင်းကို စစ်ဆေးမေးမြန်းခဲ့ရာမှာ နောက်ထပ်ပစ္စည်းတင်လာတဲ့ခရီးသည်ယာဉ်တစီးနောက်က လိုက်ပါလာကြောင်း သိရှိရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအသင့်စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ နောက်ထပ် ဒီတိုနေတာအချောင်း ၅၀၀၀ကို ထပ်မံသိမ်းဆည်း ရရှိခဲ့တာဖြစ်ဖြစ်တယ်လို့ ဆိုပါတယ်။

ယာဥ်မောင်းနဲ့ကားတွေကို ဖမ်းဆီးထားပြီး အဲ့ဒီနေ့မနက်ပိုင်းကလည်း PDF တွေအတွက် ရိက္ခာတင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အခြားကားသမားနှစ်ယောက်ကိုဖမ်းဆီးခဲ့သေးတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မကွေးတိုင်းမှာ ဂန့်ဂေါမြို့နယ်အပါအဝင်ငါးမြို့နယ်ကိုစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတာပါ။

ပြီးခဲ့တဲ့ ၂ နှစ်တာကာအတွင်းမှာ လက်နက်မျိုးစုံ၁၇၆၉၇ လက်၊ လက်လုပ်မိုင်း/ဗုံး ၂၇၂၁၃အပါအဝင်ခဲယမ်းမျိုးစုံ ၁၃၈၂၆၆၈ သိမ်းဆည်းရမိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။