လက်ရှိ ခြေစွမ်းအပေါ် တင်းတိမ် ရောင့်ရဲမနေဖို့ ရက်ရှ်ဖို့ဒ်ကို တန်ဟက်ဂ် တိုက်တွန်း

ပုံစံကောင်းကို ဆက်ထိန်းထားချင်တယ်ဆိုရင် လက်ရှိ အနေအထားမှာ သာယာ ရောင့်ရဲမနေဖို့နဲ့ အပျင်းမထူဖို့ တိုက်စစ်မှူး မားကက်စ် ရက်ရှ်ဖို့ဒ်ကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က အကြံပြု သတိပေးလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက အခုရာသီမှာ ယူနိုက်တက်အတွက် ၂၁ လုံးမြောက် သွင်းဂိုးကို ရရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ သူအကောင်းဆုံး ရရှိထားဖူးတဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီဖို့ ၁ ဂိုးသာ လိုတော့တဲ့ သဘောပါ။

နယ်သာလန်သား မန်နေဂျာ တန်ဟက်ဂ်ကတော့ ရက်ရှ်ဖို့ဒ် အနေနဲ့ သူ့ရဲ့ ခြေစွမ်းကို ဆက်ထိန်းထားချင်ရင် လေ့ကျင့် ပြင်ဆင်မှုတွေကို မဆုတ်မနစ် ဆက်ထိန်းသိမ်းထားဖို့လိုကြောင်း ထောက်ပြခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ပွဲတိုင်းနီးပါး ဂိုးသွင်းနေမှုက ဘယ်အချိန် ရပ်သွားမလဲဆိုတာ မပြောတတ်ကြောင်း၊ ဒါပေမဲ့ လက်ရှိ အခြေအနေအပေါ် သာယာပြီး ရောင့်ရဲ ကျေနပ်သွားမယ့် နေ့ကျရင် အဲဒီအချိန်က လက်တွေ့ ကြုံလာနိုင်ကြောင်း တန်ဟက်ဂ်က ဆိုပါတယ်။

လက်ရှိ အနေအထားအပေါ် သာယာပြီး အောက်ခြေလွတ်နေမယ်ဆိုရင် ပျင်းရိတဲ့စိတ် ငြိတွယ်လာနိုင်ကြောင်း၊ ကစားသမား တစ်ယောက်ဟာ နေ့တိုင်းနေ့တိုင်း ရာနှုန်းပြည့် ပေးဆပ်ပြီး ပြင်ဆင် လေ့ကျင့်နေရသ၍ အကောင်းဆုံး ခြေစွမ်းပြပြီး ဂိုးတွေ သွင်းနေနိုင်မှာ ဖြစ်ကြောင်း၊ ရက်ရှ်ဖို့ဒ်ဟာ ဂိုးသွင်းစွမ်းရည် ထက်မြက်ပြီး ညာခြေ၊ ဘယ်ခြေ၊ ခေါင်းတိုက် ပုံစံမျိုးနဲ့စုံနဲ့ ဂိုးသွင်းနိုင်ကြောင်း၊ ဒါပေမဲ့ အပျင်းဖက်လာတဲ့ တစ်နေ့ကျရင် သူ့ရဲ့ အရည်အချင်းကောင်းတွေ ဆိတ်သုဉ်းသွားမှာ သေချာကြောင်း တန်ဟက်ဂ်က ပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အခုအခါမှာ ယူနိုက်တက်အတွက် စုစုပေါင်း ၁၁၄ ဂိုးထိ သွင်းယူထားပြီးပါပြီ။ သူဟာ နောက်ဆုံး ကစားတဲ့ ၁၅ ပွဲမှာတော့ ၁၃ ဂိုးထိ ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ သူဂိုးမသွင်းနိုင်ခဲ့တာ ၃ ပွဲသာ ရှိခဲ့ပြီး အသင်းကို ၁၀ ပွဲထိ အနိုင်ရအောင် ကူညီခဲ့သလို ၁ ပွဲသာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ 

သတင်းထောက်တွေက ရက်ရှ်ဖို့ဒ်ဟာ လက်ရှိ ဥရောပ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နေပြီလားလို့ မေးတဲ့အခါ အနည်းငယ် အံ့ဩသွားဟန်ရှိတဲ့ တန်ဟက်ဂ်က ဥရောပ အကောင်းဆုံးအဆင့် တိုက်စစ်မှူး နည်းနည်းလေးထဲက တစ်ယောက်လို့တော့ သတ်မှတ်နိုင်ပြီလို့ ဖြေကြားသွားပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ဒဏ်ရာဖိစီးမှုတွေနဲ့ စိတ်ပျက်စရာ အခြေအနေတွေကို ကြုံခဲ့ပြီး ၂၈ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ တန်ဟက်ဂ်က သူ့ရဲ့ ကစားသမားဟာ ကွဲပြားတဲ့ ကျွမ်းကျင်မှုတွေ အများအပြား ရှိနေပြီး အလားအလာကောင်းတွေလည်း ပိုင်ဆိုင်ထားတာကြောင့် လက်ရှိထက် ပိုထက်မြက်လာလိမ့်ဦးမယ်လို့လည်း ဟောကိန်း ထုတ်သွားခဲ့ပါတယ်။

 

Ref: Goal