ဒါရိုက်တာကိုပေါက်ရဲ့ ‘ရောင်နီလာရာ လမ်း’ အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဖေဖော်ဝါရီလ ၄ ရက်မနေ့က Red Carpet Show အပါအဝင်နိုင်ငံအချို့မှာ ပြသရာ ရုံဝင်ခ သိန်းနှစ်ထောင်နီးပါးရရှိခဲ့တယ်လို့သိရပါတယ်။
‘ဂျပန်နိုင်ငံ၊ တိုကျိုမြို့က ပရိတ်သတ် ၁၃၀၀ ဆန့်တဲ့ ရုံကြီးမှာ လက်မှတ် ၁၂၀၀ ကျော်ရောင်းကုန်ခဲ့တဲ့ ရောင်နီလာရာလမ်း အဖွင့်ပွဲမှာ သိန်း ၉၀၀ နီးပါး ရရှိခဲ့ပါတယ်’လို့ သူ့ရဲ့ လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။
အဲဒီမှတ်တမ်းရုပ်ရှင်ဇာတ်ကားကို အမေရိကန်၊ ဆွီဒင်နဲ့ နယ်သာလန်နိုင်ငံတွေမှာပါ တပြိုင်တည်းပြသခဲ့ရာ ကျပ်သိန်းတထောင်နီးပါးရရှိခဲ့ပြီး ရုံဝင်ခငွေ စုစုပေါင်း သိန်းနှစ်ထောင် နီးပါး ရရှိထားတာပါ။
တော်လှန်ရေးရန်ပုံငွေရှာဖွေဖို့ရည်ရွယ်ပြီး ရိုက်ကူးခဲ့တဲ့ “ရောင်နီလာရာ လမ်း’’ မှတ်တမ်းရုပ်ရှင်ဟာ ဒါရိုက်တာကိုပေါက် ရဲ့ အာဏာမသိမ်းခင် မိသားစုဘဝ၊ အာဏာသိမ်းပြီး နောက် ဆန္ဒပြပြည်သူဘဝ၊ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လို့ပုန်းရှောင်ခဲ့ရတဲ့ဘဝ၊ တော်လှန်ရေးသမားဘဝစတဲ့ ဖြတ်သန်းမှုတွေကို မှတ်တမ်းရုပ်ရှင် အဖြစ် ရိုက်ကူးထားပါ။
‘ရောင်နီလာရာလမ်း ‘ မှတ်တမ်းရုပ်ရှင်မတိုင်မီ စစ်ကောင်စီကို စွန့်ခွာခဲ့တဲ့ CDM ဗိုလ်ကြီးတဦးအကြောင်းရိုက်ကူးထားတဲ့ ‘မသောက်မိသော မိုးခါးရေ” ဇာတ်ကားကို စင်ကာပူ၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်စတဲ့နိုင်ငံတွေအပါအဝင်ပြည်ပနိုင်ငံတွေပြသခဲ့ပြီး တော်လှန်ရေးရန်ပုံငွေ အများအပြားရရှိခဲ့ပါတယ်။
အဲဒီမှတ်တမ်းရုပ်ရှင်ကို ပြည်ပမှာလို ရုပ်ရှင်ရုံမှာမကြည့်ရပေမယ့် အွန်လိုင်းကနေကြည့်ရဖို့ ပြည်တွင်းက ပရိတ်သတ်တွေကလည်း စောင့်မျှော်နေကြတယ်လို့ ပြောကြသလို ကြည့်ရှု့ခဲ့တဲ့ ပရိတ်သတ်တွေကလည်း မှတ်တမ်းရုပ်ရှင်ဟာ ကြည့်ရတာ ထိုက်တန်တယ်လို့ ပြောဆိုကြပါတယ်။
‘’ဒီလိုနာရီပိုင်းလေးပြတဲ့ Documentary လေးနဲ့တောင် တကယ်ရင်ထဲရောက်တဲ့ အနုပညာစစ်တွေကို ဖန်တီးပေးတဲ့အတွက် ကိုပေါက်ကို တကယ်ချီးကျူးလေးစားမိပါတယ်’ လို့ မှတ်တမ်းရုပ်ရှင် ကြည့်ခဲ့တဲ့ ဂျပန်နိုင်ငံရောက် မြန်မာအမျိုးသမီးတဦးက သူရဲ့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ဒါရိုက်တာကိုပေါက်ရဲ့ ‘ရောင်နီလာရာလမ်း’မှတ်တမ်းရုပ်ရှင်ကို ပြည်ပရောက်မြန်မာတွေနေထိုင်တဲ့ အခြားနိုင်ငံတွေမှာလည်း ဆက်လက်ပြသသွားမယ်လို့သိရပါတယ်။