စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ အင်းတော်ကြားက တောင်မော်နဲ့ ပဒုမ္မာရွာကြားမှာ မနေ့ဖေဖော်ဝါရီ ၄ရက်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေလို့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲတွေဟာ ထီးချိုင့်၊ ဝန်းသို၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်းထိစပ်တဲ့နေရာမှာ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီက ည ၁၁ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နှစ်စီးကတိုက်ခိုက်ခဲ့တာကို အင်းတော်၊ ထီးချိုင့်၊ ဝန်းသို၊ ကောလင်း၊ ဗန်းမောက်မြို့တွေက ကြားနေရတယ်လို့ လည်းဆိုပါတယ်။
‘’တိုက်ပွဲကတနေကုန်ဖြစ်နေတော့ စစ်ကောင်စီဘက်က ကျဉ်ပြတ်နေပြီ။ ပြီးတော့ အသေအပျောက်လည်းများနေပြီဆိုတော့ ညနေ ၅ နာရီကတည်းက ဝန်းသိုတပ်ကနေ ၁၂၀ မမ တွေလှမ်းထုတယ်” လို့ အင်းတော်- တော်လှန်းရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
တိုက်ပွဲဟာ ဝန်းသိုမြို့နယ် ဂျိုးတောင်နားက ဘုရားတောင်ရွာမှာဆက်လက်ပြင်းထန်နေပြီး ဝန်းသိုတပ်ရင်းကနေ တင့်ကားနဲ့ ငါးနာရီ ခြောက်နာရီကြား မှာ ငါးကြိမ် ပစ်ကူပေးနေတဲ့အပြင် ဒီကနေ့ အထိ ထိတွေ့မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ လည်းဒေသခံတွေကပြောပါတယ်။
အဲဒီလိုတိုက်ပွဲပြင်းထန်နေတဲ့အတွက် အင်းတော်၊ ကောလင်းအစပ်က ရွာတွေအပြင် ဝန်းသိုမြို့နယ်ထဲက ရွာတွေက ဒေသခံအချို့ပါ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းဆက်သိရပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ မြို့ပေါ်တွေမှာလည်း ကင်းပုန်းဝပ်တာ၊ ဧည့်စာရင်းစစ်တာ၊ ဆိုင်ကယ်လိုင်စင်စစ်တာတွေကိုလည် မကြာခဏပြုလုပ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းက အင်းတော်၊ ဗန်းမောက်နဲ့ ကောလင်းမြို့နယ်တွေဟာ စစ်ကောင်စီက ဖေဖော်ဝါရီ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့မြို့တွေလည်းဖြစ်ပါတယ်။