တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကာကွယ်ရေး ဘတ်ဂျတ် သိသိသာသာ မြှင့်တင်မယ့် အိန္ဒိယ

တရုတ်ရဲ့ အားပြိုင် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အိန္ဒိယဟာ လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အိန္ဒိယ အစိုးရဟာ လာမယ့်နှစ်မှာ စစ်လက်နက် အသစ်တွေ ဝယ်ယူရေးအတွက် ရူပီးငွေ ၁.၆၂ ထရီလီယံ (ဒေါ်လာ ၂၀ ဘီလီယံ နီးပါး)ကို ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစမှာ သီးသန့် ဖယ်ထားမယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်တဲ့ ဘဏ္ဍာရေးနှစ်သစ် အသုံးစရိတ် တန်ဖိုးဟာ စုစုပေါင်း ရူပီးငွေ ၄၅.၀၃ ထရီလီယံထိ ရှိနေပါတယ်။

အဲဒီထဲကမှ ကာကွယ်ရေး အသုံးစရိတ် ခွဲတမ်းက ရူပီး ၅.၉၃ ထရီလီယံထိ ရှိပြီး ကဏ္ဍာအားလုံး အသုံးစရိတ် စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကာကွယ်ရေး အသုံးစရိတ်ထဲမှာ စစ်မှုထမ်းဟောင်းတွေအတွက် ပင်စင် ရူပီး ၁.၃၈ ထရီလီယံကိုပါ ထည့်သွင်း တွက်ချက်သွားမှာပါ။

ဘဏ္ဍာရေးနှစ်သစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ဟာ မနှစ်က ကာကွယ်ရေး အသုံးစရိတ်ထက်လည်း ၁၃ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့ ဆိုပါတယ်။ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်လိုက်ခြင်းဟာ အစိုးရ အနေနဲ့ ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်တွေနဲ့ အခြေခံ အဆောက်အအုံတွေကို ထိထိရောက်ရောက် အဆင့်မြှင့်တင်လိုတဲ့ ရည်မှန်းချက်ကို ထင်ဟပ်စေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အိန္ဒိယက သီးသန့်ဖယ်ထားတဲ့ ဒေါ်လာ ၂၀ ဘီလီယံ နီးပါးလောက် ငွေကြေးတွေဟာ ဒုံးကျည်တွေ၊ တိုက်လေယာဉ်တွေနဲ့ ရေတပ်သုံး လက်နက်တွေ ဖြည့်တင်းရေးအတွက် အဓိက အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။

လေ့လာသူ တချို့ကတော့ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ အစိုးရက ကာကွယ်ရေး အသုံးစရိတ် သတ်မှတ်ချက်ကို မြှင့်တင်ပြီး လက်ယာစွန်း မဲဆန္ဒရှင်တွေကို ဆွဲဆောင်တာလည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့ဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး နယ်စပ် အငြင်းပွားမှု ပြဿနာတွေ ရှိခဲ့သလို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အာရှရဲ့ စူပါပါဝါ နှစ်နိုင်ငံရဲ့ အိန္ဒိယ သမုဒ္ဒရာနဲ့ ဆက်စပ် ဒေသတွေ လွှမ်းမိုးရေးအတွက် အားပြိုင်မှုတွေပါ ပိုမို အရှိန်မြင့်လာခဲ့ပါတယ်။