သမိုင်းတစ်ပတ်လည်ပြီး စစ်မြေပြင်မှာ ဂျာမန်တင့်ကားတွေနဲ့ ပြန်ရင်ဆိုင်ရတော့မယ်လို့ ပူတင်ပြော

သမိုင်း တစ်ပတ်လည်ပြီး ရုရှားဟာ စစ်မြေပြင်မှာ ဂျာမန် တင့်ကားတွေနဲ့ ပြန်ရင်ဆိုင်ရတော့မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

 ဒုတိယ ကမ္ဘာစစ်တုန်းက ဖြစ်ပွားခဲ့တဲ့ သမိုင်းဝင် စတာလင်ဂရက် တိုက်ပွဲ နှစ် ၈၀ ပြည့် မိန့်ခွန်းမှာ ပူတင်က အခုလို မှတ်ချက် ပေးခဲ့တာပါ။ ဒါဟာ ရုရှားနဲ့ လက်ရှိ စစ်မက် ဖြစ်ပွားနေတဲ့ ယူကရိန်းကို ဂျာမနီက Leopard 2 တင့်ကားတွေ ထောက်ပံ့မယ့် ကိစ္စအပေါ် ရည်ညွှန်းပြီး ဒုတိယ ကမ္ဘာစစ်ကာလတုန်းက ဆိုဗီယက်ရဲ့ ရန်သူ နာဇီ ဂျာမန်တွေနဲ့ သွယ်ဝိုက် ခိုင်းနှိုင်းလိုက်တာ ဖြစ်ပါတယ်။

 သမိုင်း တစ်ပတ်လည်လာပုံက ယုံချင်စရာတောင် မရှိပေမယ့် လက်တွေ့ ဖြစ်လာခဲ့တယ်လို့ ပူတင်က ဆိုပါတယ်။ အခုအချိန်မှာ ရုရှားဟာ ဂျာမနီလုပ် Leopard တင့်ကားတွေရဲ့ ခြိမ်းခြောက်မှုကို နောက်တစ်ကြိမ် ကြုံလာရပြန်ပြီလို့လည်း ပူတင်က ပြောပါတယ်။

 ပူတင်ဟာ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ လကုန်ပိုင်းက ယူကရိန်းကို စတင်ကျူးကျော်ဖို့ ရုရှားတပ်တွေကို အမိန့်ပေးခဲ့ပြီး ဂျာမနီ အပါအဝင် အနောက် မဟာမိတ် နိုင်ငံတွေက ယူကရိန်းအတွက် စစ်လက်နက်တွေ ပုံအော ထောက်ပံ့ပြီး ရုရှားရဲ့ ရန်လိုမှုကို တွန်းလှန် တုံ့ပြန်နိုင်အောင် ကူညီပေးနေပါတယ်။

 စတာလင်ဂရက်ကို နာမည်ပြောင်းလဲလိုက်တဲ့ ဗိုလ်ဂိုဂရက်မြို့မှာ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ပူတင်က သူဟာ စစ်ပွဲမှာ သမားရိုးကျ အဆင့်ထက်ပိုတဲ့ လက်နက်တွေ ထုတ်သုံးတာမျိုး ရှိကောင်း ရှိနိုင်တယ်လို့ အရိပ်အမြွက် မှတ်ချက် ပေးသွားခဲ့ပါတယ်။ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ ပူတင် ရည်ညွှန်းတဲ့ သမားရိုးကျ မဟုတ်တဲ့ လက်နက်ဆိုတာ နျူကလီးယား လက်နက်တွေကို ဆိုလိုတာလား ဆိုတဲ့ မေးခွန်းကို တိတိကျကျ ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

 စတာလင်ဂရက် တိုက်ပွဲဟာ ဒုတိယ ကမ္ဘာစစ်ရဲ့ အဓိက အလှည့်အပြောင်းတွေထဲက တစ်ခုဖြစ်ပြီး ဂျာမန်စစ်သား ၉၁၀၀၀ နီးပါးကို ဆိုဗီယက် တပ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီ တိုက်ပွဲမှာ အရပ်သားတွေ အပါအဝင် အသေအပျောက် ၁ သန်းကျော် ရှိခဲ့ပြီး ကမ္ဘာ့သမိုင်းတလျှောက် သွေးမြေအကျဆုံး တိုက်ပွဲတွေထဲက တစ်ခုအနေနဲ့ စာရင်းဝင်ခဲ့ပါတယ်။