ယူကရိန်းက တောင်းဆိုနေပေမယ့် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ ပေးပို့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
အမေရိ ကန်နဲ့ ဂျာမနီတို့ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းအတွက် သူတို့ရဲ့ တိုက်ပွဲဝင် တင့်ကားကြီးတွေ ထောက်ပံ့ပေးဖို့ ကတိပြုခဲ့တဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အဲဒီ နှစ်နိုင်ငံရဲ့ တိုက်လေယာဉ်တွေကိုပါ အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။
အမေရိကန်ဟာ စစ်ပွဲမှာ ယူကရိန်းကို ကာကွယ်ရေးအဆင့် လက်နက်တွေပဲ ထောက်ပံ့မယ်ဆိုတဲ့ ကနဦး ဆုံးဖြတ်ချက်ကို တင့်ကားတွေ ပေးပို့ချိန်မှာ ပြန်ပြင်ခဲ့ရပါတယ်။ ဒါပေမဲ့ တိုက်လေယာဉ်တွေ ပို့ဆောင်ဖို့ကတော့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ဘိုင်ဒန်က ဆိုပါတယ်။
ယူကရိန်း အစိုးရက လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ နိုင်ငံလေပိုင်နက်ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အနောက်နိုင်ငံလုပ် တိုက်လေယာဉ်တွေ လိုအပ်တယ်လို့ ပြောထားပါတယ်။ အစောပိုင်းမှာ ဂျာမနီ အစိုးရ အဓိပတိ အိုလက်ဖ် ရှုဇ်ကလည်း သူတို့ရဲ့ တိုက်လေယာဉ်တွေ ယူကရိန်းဆီ လွှဲပေးမှာ မဟုတ်ဘူးလို့ ကြေညာပြီး ယူကရိန်းအတွက် စစ်လက်နက်တွေ အလုံးအရင်း တပ်ဆင်ပေးနေခြင်းက ရုရှားနဲ့ အနောက်မဟာမိတ်တွေကြား လက်နက်ပြိုင်ဆိုင်မှု အသစ်ကို ဖန်တီးယူသလို ဖြစ်နေမယ်လို့ သတိပေးခဲ့ပါတယ်။
အမေရိကန်လုပ် F-16တွေဟာ ကမ္ဘာပေါ်မှာ အယုံကြည် စိတ်အချရဆုံး ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစား တစ်ခုလို့ နာမည်ကောင်း ရထားပြီး တခြားနိုင်ငံ တချို့ဆီကိုလည်း တင်ပို့ ရောင်းချထားပါတယ်။ ယူကရိန်း လေတပ်ဟာ လတ်တလောမှာ ဆိုဗီယက်လုပ် လေယာဉ် အဟောင်းအနွမ်းတွေကို အဓိက အားကိုးနေရတာကြောင့် F-16တွေနဲ့ အဆင့်မြှင့်တင် အစားထိုးဖို့ ဇီလန်စကီးက လိုလားနေတာ ဖြစ်ပါတယ်။
ယူကရိန်းက တိုက်လေယာဉ်တွေ တောင်းဆိုမှုကို အမေရိကန်နဲ့ ဂျာမနီတို့က ငြင်းပယ်ထားပေမယ့် တခြား ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတချို့ကတော့ တိကျတဲ့ အဖြေမျိုး မပေးသေးပါဘူး။ ပိုလန် နိုင်ငံကတော့ NATO စစ်မဟာမိတ် အဖွဲ့နဲ့ ပူးပေါင်း ညှိနှိုင်းပြီး သူတို့ရဲ့ တိုက်လေယာဉ်တွေကို ယူကရိန်းဆီ ထောက်ပံ့ဖို့ လိုလားကြောင်း မှတ်ချက် ပေးထားဖူးပါတယ်။