ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲကို စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေး ဆရာတော် ဦးဝီရသူဦးဆောင်ပြီး ကရင်ပြည်နယ်၊ဘားအံမြို့မှာ ဇန်နဝါရီ(၁၇)ရက်က လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဦးဝီရသူဟာ အမှတ်(၃) ရပ်ကွက်မှာရှိတဲ့ မဲဘောင်ဘုန်းကြီးကျောင်းကိုရောက်ရှိလာတာဖြစ်ပြီး ကုလလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်ကိုကန့်ကွက်ကြောင်း အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း စစ်တပ်ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲမှာ ဦးဆောင်ဟောပြောခဲ့တယ်လို့ ဘားအံမြို့ခံတဦးကပြောပါတယ်။
စစ်တပ်ဆန့်ကျင်သူတွေ၊ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင်တွေကို ဝေဖန်ပုတ်ခတ်လေ့ရှိသလို ဘာ သာရေး မုန်းတီးမှုဖြစ်စေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပြင်းပြင်းထန်ထန် ပြောဆိုလေ့ရှိတဲ့ ဦးဝီရသူကို စစ်ကောင် စီက ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့ပေးခဲ့ပါသေးတယ်။
NLD အစိုးရလက်ထက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့် တရားစွဲဆိုထောင်ချခံခဲ့ရတဲ့ ဦးဝီရသူဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ဘားအံမြို့မှာ လုပ်တဲ့ မနေ့ ကဆန္ဒပြပွဲမှာ စစ်တပ်ထောက်ခံသူတွေက ကုလလုံခြုံရေးကောင်စီရဲ့ တဖက် သတ် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြပြီး ဦးဝီရသူ ကလည်း ဟောပြောမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဆန္ဒပြအပြီး နောက်တရက် ဒီကနေ့ မနက်ပိုင်းမှာ ဘားအံမြို့ လှာကမြင်ရပ်ကွက်က တော်ဝင်သုခဆေးခန်း နားမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဘားအံမြို့ခံတဦးကပြောပါတယ်။
“အသံအကျယ်ကြီးဘဲ၊ အဲ့ဒီနားမှာက ရဲဂိတ်တစ်ခုရှိတယ်လေ၊ ဒါက နှစ်ခေါက်မြောက်ပေါက်တာ၊ လူထိတာ တော့မရှိဘူး၊ တစ်လုံးပေါက်တယ်၊ နောက်တစ်လုံးက မပေါက်သေးဘဲပြန်တွေ့ရတယ်”လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း တော်ဝင်သုခဆေးခန်းနားမှာရှိတဲ့ ရဲဂိတ်နားမှာ လက်လုပ်ဗုံးတစ်လုံးပေါက် ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒေသခံတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။