စစ်ကောင်စီကဖမ်းဆီးထားတဲ့ ဧရာဝတီတိုင်းအစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီ ရဲ ပုသိမ် အကျဉ်းထောင်ထဲမှာတိုက်ပိတ်ထားတာ ၁၀ ရက်ကျော်ကြာနေပြီလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ရက်နေ့ က စစ်ကောင်စီမှ ဖမ်းထားတဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီး ချုပ် နဲ့ အစိုးရ အဖွဲ့ဝင် တွေလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌတို့ ကို ဖမ်းဆီး ရာ နေရာအသီးသီး ကနေ ပြန် လွှတ်ပြီးနေအိမ်အသီးသီးကိုပြန်ပို့ခဲ့ပေမယ့် ဒေါက်တာလှမြတ်သွေးကို တော့ ပုသိမ် ထောင်တွင်းကို ပို့ဆောင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အဖမ်းခံထားရတဲ့ လူမှုရေး ဝန်ကြီးကို ညှိနှိုင်းမှုတွေ လုပ်ဆောင်တာမှာ လူမှုရေး ဝန်ကြီး ဒေါက်တာလှ မြတ်သွေးက လုံးဝ လက်မခံတဲ့ အပြင် ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ က အစိုးရဝန် ထမ်း အားလုံး ပြည်သူ့အစိုး ရအဖွဲ့ မဖွဲ့စည်းမှီအထိ အလုပ် ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ကြေညာချက် တစောင် ကိုထုတ်ပြန်ခဲ့ဖူးတယ် လို့ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ကျည်း အချို့ က ပြောပါတယ်။
“အန်တီ(ဒေါက်တာ လှမြတ်သွေး)ကို သီးသန့် တိုက်ပိတ်ထားတယ်။ တစ်နေ့တစ်ကြိမ် တနာရီ လမ်း လျှောက်ခွင့်ရတယ်။ အဲဒီအခါမှာလည်း သူ့နောက်ကနေ အမျိုးသမီး ထောင်ဝန်ထမ်း တစ်ဦး က စောင့်ကြပ် လိုက်ကြည့် နေတယ် အန်တီ ကို ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားတယ် သိရတယ်” လို့ NLD ပါတီ က တာဝန်ရှိသူ တဦး ကပြောပါ တယ်။
ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက် မှာ ရေကြည်မြို့နယ် က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရတဲ့ တဦးတည်းသော NLD ပါတီဝင် ဖြစ်ကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း ဆက်အရွေးခံရပြီး ဧရာဝတီတိုင်းအစိုးရ အဖွဲ့ လူမှု ရေးဝန်ကြီး ဖြစ်လာပါ တယ် ။
၂၀၂၀ ခုနှစ်ရွေး ကောက်ပွဲမှာ လည်း ရေကြည်မြို့နယ် က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေး ချယ်ခံထားရသူ ဖြစ်ကာ အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ဧရာဝတီ တိုင်း ဒေ သကြီး အစိုးရအဖွဲ့ဝင်တွေ နဲ့ အတူ ပုသိမ်မြို့ရှိ ဝန်ကြီးများ အိမ်ယာ ဝင်းအတွင်း က သူမရဲ့ နေအိမ်မှာ စစ်ကောင်စီက နေအိမ်အကျယ်ချုပ်နဲ့ဖမ်းဆီးခံခဲ့ပါတယ်။