မန္တလေးမှာ စစ်တပ်ဂုဏ်ပြု သီချင်းဆိုခဲ့တဲ့ Space Bar ဗုံးထုခံရ

မန္တလေးမြို့မှာ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ ကြယ်ညွှန်ရာ သစ္စာဇာတ်လမ်းတွဲမှာ ဇာတ်ဝင်တေး သီဆိုခဲ့တဲ့ Space Bar  ကိုဗုံးထုခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းက ၆၂လမ်း၊ ၃၆လမ်းx ၃၇လမ်းကြားရှိတဲ့  Space Barကို မြို့ပြပျောက်ကြားတွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့  မန္တလေးမြေပြင်သတင်းအရင်းအမြစ်တွေကဖော်ပြကြပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဘားအပြင်မှာ ရှိနေတဲ့ အိမ်စီးကားတစီးမီးလောင်သွားပြီး လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံက ပြောပါတယ်။

” Space Bar အတွင်း အချောင်နေအချောင်စား Beer သောက်ရင်း ဇိမ်ခံနေသောမြို့ပြမှမိတ်ဆွေများအတွက် City Hunter (MDY UG)မှ သတိပေးလက်ဆောင်ပို့လိုက်ပါသည်။ လက်ဆောင်ထုပ်များကျန်ရှိနေသေးသည့်အတွက် စိတ်အေးချမ်းသာစွာဇိမ်ခံနေကြပါရန် အသိပေးအပ်ပါသည် ” လို့  မန္တလေးအခြေစိုက် သပြေညိုသတင်းလွှာက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ညမှာ စစ်အုပ်စုနဲ့ နီးစပ်သူတွေက အဲဒီဘားမှာ စစ်တပ်ဂုဏ်ပြုတေးကို သီဆိုခဲ့တာလို့ ဘားနဲ့ နီးစပ်သူတွေကပြောပါတယ်။

” စစ်တပ်ရဲ့ ဘောမ channel တွေမှာလည်း အဲဒီဘားမှာ ပြည်သူတွေက စစ်တပ်သီချင်းနဲ့ဂုဏ်ပြုတယ်ဘာညာနဲ့ လုပ်ထားသေးတယ် ” လို့ မန္တလေးမြို့ခံတွေကဆိုပါတယ်။

မန္တလေး၊ အောင်မြေသာစံမြို့နယ်က အဲဒီဘားမှာ စစ်တပ်နဲ့ နီးစပ်သူတွေ အသွားအလာများပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရပြီး အမျိုးသားတဦး ထိခိုက်ခဲ့ပါသေးတယ်။