မန္တလေးမှာ ဒုရဲတပ်ကြပ်တဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

ဧပြီ ၊ ၇

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ဒုရဲတပ်ကြပ်တဦး ယူနီဖောင်းနဲ့ ကွမ်းယာထွက်ဝယ်စဉ် ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း စစ်အုပ်စုနဲ့ နီးစပ်သူများထံမှာ သိရပါတယ်။

မနေ့က ဧပြီ ၆ ရက်နေ့ ညနေပိုင်းမှာ အောင်ချမ်းသာကျေးရွာရှိ လျှပ်စစ်ရုံတွင် လုံခြုံရေးယူပေးနေတဲ့ ဒုရဲတပ်ကြပ် အောင်နွယ်စိုးဆိုသူ ကွမ်းယာဆိုင်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတာပါ။

” ယူနီဖောင်းနဲ့ ကွမ်းယာထွက်ချိန်ဖြစ်သွားတာပါ။ သူကဒုရဲတပ်ကြပ်ပါ။ သေနတ်လည်းပါသွားတယ် ဆိုင်ကယ်နဲ့ လာပစ်သွားတယ် ” လို့ စစ်အုပ်စုနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ကလစ်ဆိုင်ကယ်နဲ့ လူငယ်နှစ်ဦးကပစ်ခတ်ရာမှာ ဦးခေါင်းကို ထိမှန်တဲ့အတွက် နေရာမှာတင်သေဆုံးခဲ့ပြီး သူကိုင်ဆောင်ထားတဲ့ MA 13 အမျိုးအစား သေနတ်       တလက်အပါအဝင် ကျည်ဘောက်တခုနဲ့ ကျည်ဆံ ၅ တောင့်လောက်ကို ပစ်ခတ်သူတွေက ယူဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ မန္တလေးမြို့က ပျောက်ကြားအဖွဲ့တွေက ထုတ်ပြန်ထားတာမရှိသေးသလို DNA ကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း စစ်အုပ်စုခန့် ရပ်ကွက် အုပ်ချူပ်ရေးမှူး ၃ ဦးရှင်းလင်းခံခဲ့ရသလို စစ်အုပ်စုအဖွဲ့လည်း ၂ ကြိမ် ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီလို တိုက်ခိုက်ခံရမှုတွေကြောင့် စ်အုပ်စုက မြို့ပေါ်က ရပ်ကွက်တချို့ကို နေ့စဉ်ဆိုသလို ဧည့်စာရင်း စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။