ကျောက်ထုမြို့က လင်းလက်ကြယ် ဘော်ဒါဆောင်ကို မြို့ခံရဲတွေကမီးရှို့

ကျောက်ထုမြို့ ရဲစခန်းမြောက်ဘက်နားက လင်းလက်ကြယ် ဘော်ဒါဆောင်အဆောက်အဦကို ကျောက်ထုမြို့မ ရဲစခန်းကရဲတွေက ဇန်နဝါရီ ၆ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရဲစခန်းရဲ့မြောက်နားခပ်လှမ်းလှမ်း ယာခင်းပြင်မှာဆောက်ထားတာ အဆောင်က၊ အနားမှာချောက်ရိုး လေး လည်းရှိတယ်၊ PDF တွေက ခဏခဏ လာလာပစ်တာခံရလို့ မီးရှို့တာ” လို့ ကျောက်ထုဒေသခံတဦးက ပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကျောက်ထုရဲစခန်းကို ညပိုင်းအချိန်တွေမှာ အဲ့ဒီအဆောင်နားကနေ လာ ရောက်ပစ်ခတ်လေ့ရှိတာကြောင့် ခုလိုမီးရှို့တာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လင်းလက်ကြယ်ဘော်ဒါဆောင်ဟာ စစ်အာဏာသိမ်းပြီးကတည်းက ပိတ်ထားတာဖြစ်ပြီး ဖွင့်လှစ်သင်ကြားနေ တာ မရှိတော့ဘူးလို့ သိရပါတယ်။ 

“ဆရာ အဆောင်မှူးတွေတောင်မရှိဘူး၊နယ်မှာနေကြတာ၊မြို့ပေါ်မှာ ကျောင်းတက်တာမျိုးလည်းမရှိကြဘူးလေ၊ ကျူရှင်စာသင်ဝိုင်းလေးလောကျရှိတာ” လို့ဒေသခံတဦးကပြောပါတယ်။

ကျောက်ထုမြို့ပေါ်ကစစ်ကောင်စီတပ်ဟာ ကျောက်ထုမြို့ဝန်းကျင်ကို နေ့စဥ်နဲ့အမျှ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ လည်း လုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်း ကျောက်ထုမြို့ပေါ်က စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရမ်းသန်း ပစ်ခတ်လို့ ခြောက်နှစ်အရွယ် ဒေသခံကလေးတဦးသေဆုံးခဲ့သလိုမြို့အနီးဝန်းကျင်ကနေရာတချို့မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။