တရုတ် အာဏာပိုင်တွေဟာ ပြည်တွင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုနဲ့ အသေအပျောက် ကိန်းဂဏန်းတွေကို အများကြီး လျှော့ချပြီး ထုတ်ပြန်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
တရုတ်ဟာ ကိုဗစ်ရောဂါနဲ့ သေဆုံးကြောင်း စံသတ်မှတ်ချက်ကို အရမ်း ကျဉ်းမြောင်းတဲ့ အဓိပ္ပါယ်မျိုး ကောက်ယူထားတဲ့ အပေါ်မှာလည်း WHOက ဝေဖန်သွားပါတယ်။ မြို့တော် ဘေဂျင်း အပါအဝင် တရုတ်က မြို့ကြီးတွေမှာ ဆေးရုံတွေ လူပြည့်နေပြီး သင်္ချိုင်းတွေနဲ့ နာရေးဝန်ဆောင်မှု ဌာနတွေ အလုပ်များလာပေမယ့် တရုတ် အစိုးရက ပြည်တွင်းမှာ ကိုဗစ်ကြောင့် အသေအပျောက် အရမ်းများနေတယ် ဆိုတာကို လုံးဝ အသိအမှတ် မပြုပါဘူး။
ပြီးတော့ တရုတ် ကျန်းမာရေး အာဏာပိုင်တွေက နေ့အလိုက် ထုတ်ပြန်တဲ့ အသေအပျောက် စာရင်းဟာ လက်ငါးချောင်းတောင် မပြည့်ဘဲ ရှိနေတတ်တာမို့ လက်တွေ့ အခြေအနေတွေနဲ့ အရမ်းကွာဟသလို ဖြစ်နေပါတယ်။ တရုတ်ကတော့ ဆေးစစ်ရလဒ် Positive ဖြစ်နေတဲ့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ နမိုးနီးရား လက္ခဏာတွေ ပြသပြီး သေဆုံးသူတွေကိုသာ ကိုဗစ်ကြောင့် သေတယ်လို့ သတ်မှတ်ကြောင်း ကြေညာထားပါတယ်။
တကယ်တမ်းမှာတော့ တရုတ်ဆီကနေ မှန်ကန်ပြည့်စုံတဲ့ ကူးစက်မှုနဲ့ အသေအပျောက်ဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေ မတွေ့ရကြောင်း WHOရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာန ဒါရိုက်တာ မိုက်ခ်ရိုင်ယန်က ဆိုပါတယ်။
ရိုင်ယန်က ကိုဗစ်ကြောင့် သေတဲ့လူနာအဖြစ် သတ်မှတ်ဖို့ သေချာပေါက် အသက်ရှူလမ်းကြောင်း ချွတ်ယွင်းမှု လက္ခဏာ ပြသရမယ်ဆိုတဲ့ တရုတ် ကျန်းမာရေး ကော်မရှင်ရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်ကိုလည်း ဝေဖန်ခဲ့ပြီး ဒီစံနှုန်းဟာ ကျဉ်းမြောင်းလွန်းနေတယ်လို့ ပြောပါတယ်။
အစောပိုင်းမှာ WHOရဲ့ အကြီးအကဲ ဒေါက်တာ တက်ရို့စ် အက်ဟနွမ် ဂီဘရီယီဆက်က အခုအခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ် အာဏာပိုင်တွေနဲ့ WHO အဆင့်မြင့် အရာရှိတွေ ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။
သူက တကယ်လို့ တရုတ်အနေနဲ့ ကူးစက်မှုဆိုင်ရာ အချက်အလက် အမှန်တွေကို ထုတ်မပေးဘူးဆိုရင် တရုတ်နိုင်ငံသားတွေ ဝင်ရောက်ခွင့်ကို တခြားနိုင်ငံတွေက ကန့်သတ် ပိတ်ပင်လာတဲ့အပေါ် အပြစ်တင်လို့ မရဘူးလို့လည်း သူက ဆိုတယ်။ အစိုးရတိုင်းက ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ဖို့ ကြိုးစားကြတာဟာ နားလည်ပေးလို့ရတဲ့ အခြေအနေလို့ ဒေါက်တာ ဂီဘရီယီဆက်စ်က မှတ်ချက် ပေးခဲ့ပါတယ်။
တရုတ်ဟာ ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicron မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ်တွေရဲ့ ဖိစီးမှုကို ခံနေရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Omicronရဲ့ ဆင့်ပွားမျိုးကွဲဖြစ်တဲ့ XBB.1.5ရဲ့ ပျံ့နှံ့မှုတွေကို နိုင်ငံတကာ ဆေးသိပ္ပံ ပညာရှင်တွေက သတိကြီးကြီး စောင့်ကြည့်နေပါတယ်။ အဲဒီမျိုးကွဲသစ် ကူးစက်မှုတွေကို နိုင်ငံပေါင်း ၂၉ ခုမှာ တွေ့ရှိထားပြီး ဖြစ်ပါတယ်။
WHOရဲ့ ကိုဗစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို အဓိက ဦးဆောင်နေသူ ဒေါက်တာ မာရီယာ ဗန်ခါခိုဗီက XBB.1.5ဟာ တွေ့ရှိဖူးသမျှထဲမှာ ကူးစက်နှုန်း အမြန်ဆုံး Omicron မျိုးကွဲဖြစ်တယ်လို့လည်း အတည်ပြု ပြောကြားထားပါတယ်။