ရခိုင်မှာ အကျဉ်းသား သုံးရာကျော် လွတ်ပေးပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ မပါ

ရခိုင်ပြည်နယ်က အကျဉ်းထောင်တွေအတွင်း အကျဉ်းကျခံနေရသူတွေထဲက သုံးရာကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးပေမယ့် အဲဒီအထဲမှာ နိုင်ငံရေးအမှုနဲ့ ထောင်ကျခံနေကြရသူတွေ မပါလာဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသားပေါင်း ခုနှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးပြီး အဲဒီအထဲမှာ ရခိုင်ပြည်နယ်အတွင်းထောင်တွေထဲက အကျဉ်းသား သုံးရာကျော် ပါဝင်တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီသုံးရာကျော်ထဲမှာ စစ်ကောင်စီက နိုင်ငံရေးအမှုတွေနဲ့ စွဲဆိုထားသူတွေ၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲအကျဉ်းချထားသူတွေ မပါဝင်ဘူးလို့ မိသားစုတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောကြပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ တစ်ယောက်မှ ပါတာမတွေ့ရသေးဘူး၊ တော်တော်များများက ခိုးမှု၊ လုမှု၊ ရာဇဝတ်မှုတွေပဲဖြစ်တာ တွေ့ရတယ်” လို့ ရခိုင်ဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

နိုင်ငံရေးအရ အငြိုးထားပြီး မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လိုတယ်လို့လည်း နိုင်ငံ ရေးအကျဉ်းသားဟောင်းတွေနဲ့ ဖမ်းဆီးခံနေရသူတွေရဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။

“အဖေလည်း ဘာမှမကြားဘူး၊ ညီမလေးလည်း ဘာမှမကြားဘူး၊ ကိုယ့်အဖေတွေ၊ ကိုယ်ညီမတွေကို မျှော်တာပေ့ါ၊ သူများတွေ လွတ်ကြတော့ ကိုယ်လည်း လွှတ်စေချင်တာပေ့ါ” လို့ ဖခင်ဖြစ်သူနဲ့ ညီမဖြစ်သူတို့ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့သမီး မကြည်ကြည်ဦးက ပြောပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော်(AA) နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီး၊ အကျဉ်းကျခံထားရသူတွေဟာလည်း အခုလွတ်ငြိမ်းချမ်းသာထဲမှာ ပါလာတာ မတွေ့ရဘူးလို့ မိသားစုတွေက ပြောကြပါတယ်။

“ကျွန်မတို့ သားလည်း မပါဘူးထင်တယ်၊ အခုထိ မလွှတ်သေးဘူး၊ မတရားအဖမ်းခံထားကြရတာ ပြန်လွှတ်စေချင်ပါတယ် အကုန်လုံးကို” လို့ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးခံထားရတဲ့ ပုဏ္ဏားကျွန်းဒေသခံတဦးရဲ့ မိခင်က ပြောပါတယ်။

စစ်ကောင်စီက သူတို့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးထားတဲ့လူတွေကို အခါကြီးရက်ကြီးနေ့တွေမှာ လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသား စုစုပေါင်း ၅၉၆၂၉ ဦးကို ပြန်လွှတ်ပေးထားတာပါ။ အဲဒီအထဲမှာ နိုင်ငံခြားသား ၂၃၉ ဦးပါဝင်ခဲ့ပါတယ်။

အဲဒီအကြိမ်တွေတုန်းကလည်း နိုင်ငံရေးအကျဉ်းသားပါဝင်မှု အလွန်နည်းခဲ့တယ်လို့ နိုင်ငံရေးအ ကျဉ်းသားဟောင်းတွေက ပြောထားကြပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဟာ အခု ၂၀၂၃ ခုနှစ်မှာ ဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲအတွက် အထင်ကရနိုင်ငံရေးအကျဉ်းသားတချို့ကို လွတ်ပေးပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ စီစဉ်နေတာဖြစ်တယ်ဆိုပြီး နိုင်ငံရေးလေလာသုံးသပ်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောဆိုထုတ်ပြန်ထားပါတယ်။