ပြည်မြို့မှာ တလအတွင်း အိမ်ခြေမဲ့အမျိုးသား ငါးဦးသေဆုံး

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့မှာ ရာသီဥတု အေးလွန်းတာကြောင့် တလအတွင်း အိမ်ယာမဲ့ ငါးဦး သေဆုံးကာ အကြောကပ်လေဖျန်းသူ နှစ်ဦးရှိတယ်လို့ ပြည်လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

“အခုရက်ပိုင်း တော်တော်အေးလာတော့ ကျန်းမာရေးချို့တဲ့သူတွေ သေတယ်၊ တလထဲတင် ငါးယောက်ရှိတယ်ဗျ၊ လေငန်းဖြတ်သူကနှစ်ယောက်၊ တောင်းသလောက် ပိုက်ဆံမရကြတော့ ကော်တွေရှူ၊ အာရုံကြောပိုင်းချို့တဲ့ပြီး သေဆုံးကြတယ်လို့ MO ဆရာတွေကပြောကြတယ်၊ ကော်ရှူရင်မစားပဲလည်း နေနိုင်တယ်၊ အအေးလည်းခံနိုင်ကြတယ် ခဏခဏ အဲ့လိုရှူလာကြတော့ ခုလိုဖြစ်လာကြတယ်” လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

သေဆုံးသူတွေထဲဟာ အသက်နှစ်ဆယ်ကျော် အရွယ်ကနေ အသက်ငါးဆယ်ဝန်းကျင် အရွယ်ရှိတဲ့ အမျိုးသားတွေ ဖြစ်ပါတယ်။
အဲ့ဒီလို အိမ်‌ယာမဲ့သူတွေကို အထင်ကရနေရာတွေမှာ အိပ်တာ၊ ထိုင်တောင်းတာ နေထိုင်တာတွေ့ရင် ရဲနဲ့စစ်သားတွေက ဖယ်ရှားပစ်တယ်လို့လည်း ဆိုပါတယ်။

လေဖြန်းနေသူတွေကိုတော့ ဆက်လက်ကုသဖို့ အလှုရှင်တွေ ရှာဖွေနေကြပြီး လမ်းဘေးနေသူတွေဖြစ်လို့ ကူညီကုသပေးလိုသူ ရှားတယ်လို့လည်း ကူညီနေသူတွေက ပြောပါတယ်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်က အောင်မင်္ဂလာ (အဝေးပြေး) ကား ဂိတ်အတွင်းမှာလည်း ဇန်နဝါရီ ၂ ရက်က တမနက်တည်း အမည်မသိ အမျိုးသားအလောင်းနှစ်လောင်း တွေ့ခဲ့ရပါသေးတယ်။