ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ကားတစီးက ဝင်တိုက်သွားလို့ ဆိုင်ကယ်နဲ့ သွားနေတဲ့ ဒေသခံအရပ်သားတဦး သေဆုံးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောကြပါတယ်။
စစ်တွေမြို့၊ ဆတ်ရိုးကျတံတားအနီး လမ်းမကြီးပေါ် မှာ သွားလာနေတဲ့ ဆိုင်ကယ်တစီးကို ဇန်နဝါရီ( ၂) ရက် မနေ့က နေ့လယ် တစ်နာရီလောက်မှာ စစ်ကောင်စီရဲ့ ရေတပ်ကားက ဝင်တိုက်သွားတာလို့ မျက်မြင်ဒေသခံကဆိုပါတယ်။
“စစ်သားတွေနဲ့ လာတဲ့ ရေတပ်ကားက ဆိုင်ကယ်ကို ဝင်တိုက်သွားတာပါ၊ ခေါင်းပွင့်ထွက်သွားတယ်”လို့ ကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့ အမည်မဖော်လိုသူ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ကားနဲ့ တိုက်မိလို့ သေဆုံးသွားသူဟာ စစ်တွေမြို့ ဘုမေအကွက်(၁၅)မှာနေထိုင်တဲ့ မွတ်ဆလင်အမျိုးသား ဦးအီနူစ်ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သေဆုံးသွားသူရဲ့အလောင်းကို စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း ကူညီပို့ဆောင်ပေးခဲ့သူတွေက ပြောကြပါတယ်။
စစ်တပ်ကားတွေဟာ အများပြည်သူ သွားလာနေကြတဲ့ မြို့ပေါ်လမ်းမတွေပေါ် စည်းကမ်းမဲ့စွာ အရှိန်အဟုန်နဲ့ မောင်းနှင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြို့ထဲမှာ နေ့တိုင်းလိုပဲ စစ်ကားတွေ သွားကြတယ်။ သူတို့မောင်းရင် ဖြေးဖြေးမမောင်းကြဘူး”လို့ စစ်တွေမြို့ခံ တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ကြား အပစ်အခတ်တွေ ရပ်စဲထားကြပေမယ့် စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းသွားလာတာတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။