ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် တစ်ခုကို လီဗာပူးလ် မန်နေဂျာ ဝေဖန်

ဘရန့်ဖို့ဒ် အသင်းကို ၈၄ နှစ်အတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် တစ်ခုနဲ့ ပတ်သက်လို့ လီဗာပူးလ် မန်နေဂျာ ယာဂင်ကလော့ပ်က ဝေဖန် မေးခွန်းထုတ်သွားခဲ့ပါတယ်။
လက်ရှိရာသီ အင်္ဂလန် ပရီးမီးယားလိဂ်မှာ နာမည်ကြီး အသင်းတွေနဲ့ ရင်ဆိုင်ရတိုင်း ခြေစွာနေတဲ့ ဘရန့်ဖို့ဒ်ဟာ လီဗာပူးလ်ကိုလည်း ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဲဒီပွဲမှာ လီဗာပူးလ် ခံစစ်ဟာ စုစည်းမှု အတော်လေး အားလျော့ခဲ့သလို တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ရဲ့ ဖြုန်းတီးမှုတွေကြောင့်လည်း ရသင့်တဲ့ ဂိုးတွေကို ဆုံးရှုံးခဲ့ပါတယ်။
ကလော့ပ်က ဘရန့်ဖို့ဒ်ရဲ့ တတိယဂိုးကို ခွင့်ပြုလိုက်တဲ့ ကွင်းလယ်ဒိုင် စတူးဝပ် အက်တ်ဝဲလ်ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ နောက်ကျသွင်းဂိုးမှာ ဘရိုင်ယန် အမ်ဘူမိုဟာ ဂိုးမသွင်းခင် ဘောလုံးရယူချိန်မှာ လီဗာပူးလ် နောက်ခံလူ အီဘရာဟင် ကိုနာတေးအပေါ် ပြစ်ဒဏ် ကျူးလွန်ခဲ့ပေမယ့် အက်တ်ဝဲလ်က မျက်ကွယ်ပြုခဲ့တယ်လို့ ဂျာမန်သား မန်နေဂျာက ယူဆနေပါတယ်။
နောက်ပြီး ဒိုင်ရဲ့ လျှော့ပေါ့ စဉ်းစားပေးမှုတွေကြောင့် ဘရန့်ဖို့ဒ်ဟာ တိုက်စစ်ဆင်တဲ့ တည်ကန်ဘောတွေမှာ လီဗာပူးလ်အပေါ် ဘောင်ကျော်တဲ့ ဖိအားပေးမှုတွေ လုပ်ခွင့် ရခဲ့တယ်လို့လည်း ကလော့ပ်က ဆက်ဝေဖန်သွားပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ကစားသမားတွေ ကိုယ်တိုင်ကလည်း အခုပွဲမှာ အကောင်းဆုံး မကစားနိုင်ခဲ့ဘူး ဆိုတာကို ကလော့ပ်က ဝန်ခံပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး နူးနက်ဇ်ဟာ အဆုံးသတ် ကန်ချက်တွေနဲ့ ပတ်သက်ရင် နည်းစနစ်ပိုင်း ပိုတိုးတက်ဖို့ လိုနေတယ်လို့လည်း ကလော့ပ်က မှတ်ချက်ပေးခဲ့ပါတယ်။
သူဟာ အသင်းသားတွေဆီက အခုထက်ပိုတဲ့ စွမ်းဆောင်ရည်မျိုးကို မျှော်လင့်ထားခဲ့မိပြီး အရှုံးအတွက် ကိုယ့်ကိုယ်ကိုယ်ပဲ လက်ညှိုးထိုး အပြစ်တင်ရမယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ လီဗာပူးလ်ဟာ ၁၉၃၈ ခုနှစ်နောက်ပိုင်း ဘရန့်ဖို့ဒ်ကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တဲ့နောက် အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၁၅ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။