စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက အလယ်လျိုကျေးရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ရက်နေ့ကစပြီးဒီကနေ့ ဒီဇင်ဘာ ၁ရက်နေ့အထိစစ်ကြောင်းထိုးနေပြီး ရွာသား၁၀ဦးထက်မနည်းကိုစစ်ကောင်စီတပ်တွေက ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အလယ်လျိူရွာကိုစစ်တပ်စစ်ကြောင်းစဝင်ချိန်မှာ ဒေသခံအယောက် ၂၀လောက်ကိုပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဒီကနေ့စစ်ကြောင်းထွက်ချိန်မှာ မီးရှို့ခံထားရတဲ့အလောင်းတချို့တွေ့ရတာဖြစ်တယ်လို့ဆိုပါတယ်။
“အခုဆိုရင် ခန့်မှန်းကတော့ ၁၀ ဦးတော့ ကျော်လောက်ပြီး။ သားသုံးယောက်ကို အသတ်ခံရတဲ့ အမေဖြစ်သူက ထွက်ပြေးလာတယ်။ သား ၄ ယောက်ရှိတယ်။ ၃ယောက်က သူရှေ့ပစ်ခတ်ခံလိုက်ရတာ။အခုကျွန်တော်တို့ ကျန်တဲ့သားတယောက်ဆီကိုတော့ သူ့ကိုပို့ပေးပြီးပြီ။ အရင်တုန်းကစစ်ကြောင်းတွေကရှောင်ချိန်ရတယ် အခုအလယ်လျိူရွာစစ်ကြောင်းက ရှောင်ချိန်မရလိုက်ကြဘူး’’ လို့ဒေသခံတဦးကပြောပါတယ်။
စစ်ကြောင်းထိုးတဲ့ ၄ရက်တာအတွင်း အလယ်လျိုရွာသားတွေပစ်ခတ်ခံရမှုဟာ ၁၀ဦးကနေ ၁၆ဦးအထိရှိတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ပြောပြချက်တွေလည်းရှိနေပြီး DNA ကလည်း ဒေသခံတွေသေဆုံးမှုကို ထပ်ပြီး အတည်ပြုဖို့ကြိုးစားနေပါတယ်။
စစ်တပ်ရဲ့ ခင်ဦးမြို့နယ်၊ အလည်လျှိုကျေးရွာကို စီးနင်းမှုကြောင့် အလယ်လျှိုကျေးရွာ၊ ရွာသစ်၊ သုံးဆင့်ကန် အပါအဝင် ရွာ(၅)ရွာမှ ဒေသခံပြည်သူ တသောင်းလောက်ဟာ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့လည်းဆက်သိရပါတယ်။
လက်ရှိမှာ ဒေသခံတွေဟာ ရာသီဉတုဒဏ်ကြားအဝတ်ထည်နဲ့ စားနပ်ရိက္ခာတွေအရေးပေါ် လိုအပ်နေကြပြီး အခက်အခဲတွေဖြစ်နေတယ်လို့လည်း စစ်ရှောင်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။
အလည်လျှိုကျေးရွာမှာ စစ်ကြောင်းထိုးနေတဲ့ တပ်တွေဟာ ရွှေဘိုလေ့ကျင့်ရေး-၈ မှ တပ်ဖွဲ့၊ ကန့်ဘလူမြို့နယ် ဇီးကုန်သကြားစက်မှ တပ်ဖွဲ့ နဲ့ ကျောက်မြောင်းနယ်ဘက် တပ်ဖွဲ့တွေ ပါဝင်နေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
တဖက်မှာလည်း စစ်ကောင်စီနဲ့ ခင်ဦးဒေသခံကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေလည်းဆက်ရှိနေတယ်လို့ဆိုပါတယ်။