သီတဂူဆရာတော် ဘာသာရေးသွေးထိုးမှုလုပ်နေတယ်လို့ ဝေဖန်မှုတွေရှိနေ

မြတ်စွာဘုရားခရီးသွားချိန်တွေမှာ ရဟန္တာငါးရာ အမြဲခြံရံလိုက်ပါတာဟာ ဘုရားရဲ့လုံခြုံရေးအတွက်ဖြစ်ပြီး တခြားဘာသာရေးဂိုဏ်းတွေက  လုပ်ကြံမှုတွေရှိတာကြောင့်ဖြစ်တယ်လို့ ဟောပြောတဲ့ သီတဂူဆရာတော်ကို ဝေဖန်မှုတွေရှိနေပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့  သီတဂူဆရာတော်ရဲ့ ဟောပြောချက်ဟာ လက်ရှိနိုင်ငံရေး မတည် ငြိမ်တဲ့အခြေအနေမှာ ဘာသာရေးလှုံ့ဆော်မှုတခုအသွင်လည်းဖြစ်နေတယ်လို့ သံဃအဖွဲ့အစည်းတွေကဝေဖန် ထောက် ပြနေကြပါတယ်။

အိန္ဒိယနိုင်ငံ၊ ဂယာမြို့၊ မဟာဗောဓိပရဟိမြန်မာကျောင်းကို သီတဂူဆရာတော်အခုလအတွင်း ရောက်နေချိန် သံဃာတွေနဲ့ ဒကာ၊ဒကာမတွေကို ဩဝါဒပေးရာမှာ အဲ့ဒီအကြောင်းကို ထည့်ပြောခဲ့တာဖြစ်ပြီး သီတဂူဆရာတော် ဓမ္မသဘင် လူမှုကွန်ရက်စာမျက်နှာကဖော်ပြခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ချီးကျူးဂုဏ်ပြုလေ့ရှိပြီး နီးကပ်တဲ့ ဆက်ဆံရေးလည်းရှိတဲ့ သီတဂူဆရာတော်က စာပေကျမ်းဂန်အထောက်အထားမပါဘဲ သူ့အမြင်ကို အခုလိုပြောတာဟာ စစ်ခေါင်းဆောင် အနေနဲ့ သူ့ရဲ့ လက်ရှိအခြေအနေကို စိတ်သက်သာရာရအောင်၊ဘာသာရေး လှုံ့ဆော်မှုတွေဖြစ်အောင် ပြော ဆိုမှုတခုအနေနဲ့ ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။

“ဆန့်ကျင်ဘက်၊ပြိုင်ဘက် ဘာသာရေးဂိုဏ်းတွေက လုပ်ကြံတာ၊သေတဲ့အထိ လုပ်ကြံတာ၊အဲ့ဒါကြောင့် စွပ်စွဲ မှုတွေ၊ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်တာတွေ၊သတ်ဖြတ်မှုတွေ၊လုပ်ကြံမှုတွေ၊ဒါတွေကရှိနေတဲ့အတွက်ကြောင့် ဘုရားကခရီးသွားရင် (သံဃာ)ငါးရာ၊ငါးရာ ခေါ်သွားတာဟာ ဒါသူ့ရဲ့ အန္တရာယ်ကာကွယ်ဖို့ဖြစ်ရမယ်လို့ တွေး ကြည့်တာပေါ့” လို့ သီတဂူဆရာတော်က ဆိုပါတယ်။

မာန်ငါးပါးကို  အောင်မြင်သူ၊မာန်နတ်ရဲ့ ဆွဲဆောင်စည်းရုံးမှုတွေနဲ့ ခြောက်လှန့်မှုတွေကိုကျော်ဖြတ်ပြီး ဘုရား ဖြစ်လာတယ်လို့ သိခဲ့ရတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သီတဂူဆရာတော်က အခုလို ဟောပြောတာကို ဝေဖန်မှု တွေရှိလာတာပါ။

 “မြတ်စွာဘုရားကို သူများ လုပ်ကြံလိုက်လို့ ပရိနိဗ္ဗာန်စံရတယ်ဆိုတာ မရှိဘူး၊အဲဒါကို အဓိက ပြောချင်တယ်၊ အရေးကြီးတဲ့ နောက်တစ်ချက်က ဆရာတော်က ပြောသွားတာ ရှိတယ်၊ မြတ်စွာဘုရားကို လုပ်ကြံတာတွေက ဘာသာခြားတွေကြီးပဲလို့ ထည့်ပြောသွားတာပါတယ်၊အဓိကက ဆရာတော်ကြီး ဘာကို ရည်ရွယ်ပြီး ပြောချင်တာလဲပေါ့၊ဦးဇင်းတို့ သုံးသပ်တာက ဘာသာရေး သွေးထိုးတဲ့အနေနဲ့ ဒါကိုထည့်ပြောသလား”လို့ သံဃသမဂ္ဂ ဦး ဆောင်ဆရာတော်တပါးက DNA ကိုမိန့်ပါတယ်။

သီတဂူဆရာတော်ဟာ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်က အတည်ပြုပြဌာန်းခဲ့တဲ့ မျိုးစောင့်ဥပဒေတွေကို ထောက်ခံသူဖြစ်သလို NLD အစိုးလက်ထက်မှာ အစိုးရကိုဝေဖန်တာ၊ရခိုင်ပြည်နယ် ပဋိပက္ခမြင့်တက်နေချိန်မှာ မိစ္ဆာဒိဌိတွေကိုသတ်ဖြတ်လို့ အကုသိုလ်မဖြစ်တဲ့အကြောင်းဟောပြောတာတွေကြောင့်လည်း ဝေဖန်ခံခဲ့ရဖူး ပါတယ်။  

 စစ်အာဏာမသိမ်းမီ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စစ်တပ်နဲ့ NLD အစိုးရတို့ကြား အငြင်း ပွား မှုတွေ မြင့်တက်နေချိန်မှာလည်း သီတဂူဆရာတော်က မဲမသမာတဲ့ လုပ်ရပ်တွေရှိတဲ့အကြောင်း မမှန်ကန်တဲ့ သတင်း တွေကို အခြေခံပြီး ပြောဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို သီတ ဂူဆရာတော်က နှုတ်ဆိတ်နေပြီး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတော့  “သဒ္ဒါ၊ပညာနဲ့ ပြည့်စုံ သောမင်း” လို့ ပြီးခဲ့တဲ့ မတ်လအတွင်းက ထုတ်ဖော်ချီးကျူးခဲ့တာတွေကြောင့်လည်း အာဏာာသိမ်း စစ်တပ်နဲ့အတူ ရပ်တည်တဲ့ဆရာတော်အဖြစ် ရှုမြင်ခံနေရတာပါ။

အခုတကြိမ်မှာလည်း ဘုရားရှင်ဟာ ခရီးထွက်တဲ့အခါ လုံခြုံရေးအတွက် ရဟန္တာငါးရာကို ခေါ်သွားတာဖြစ်တယ်လို့ ဟောပြောမှုကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပြီး “မြတ်စွာဘုရားရှင်က ရဟန်း၅၀၀ကို လူသား ဒိုင်းအသုံးပြုဖို့ခေါ်သွားတာလား”လို့ လူမှုကွန်ရက်အသုံးပြုသူတဦးက မေးခွန်ထုတ် ဝေဖန်ပါတယ်။

“ ဒါကို ဦးဇင်းတို့က စဉ်းစားတာပေါ့၊ သာမာန်သူဟောမယ်၊ ပြောမယ်ဆိုရင် မြတ်စွာဘုရားက သူ့ရဲ့ လုံခြုံ ရေး အတွက် ရဟန်း ၅၀၀ ကို အမြဲ ခေါ်သွားတယ်ဆိုတာမျိုး ပြောတာ၊ဒါက ရှင်းတယ်၊ကိုယ်လိုချင်တာကို ဆရာ တော်ကြီးက ပုံသွင်းပြောသွားတယ်” လို့ သံဃာသမဂ္ဂ ဦးဆောင်ဆရာတော် တစ်ပါးက ဝေဖန်ပါတယ်။