မန္တလေး အောင်မြေသာစံမြို့နယ်၊ အမရဌာနီရှေ့ရပ်မှာ စစ်ကောင်စီက သံလမ်းနဲ့ မလွှတ်လို့ဆိုပြီးဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ နေအိမ်တွေကို ထပ်မံဖြိုကျနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက မီးရထားသံလမ်းနဲ့ ပေ ၅၀ အတွင်း နေခွင့်မရှိဆိုတဲ့အကြောင်းပြချက်နဲ့ နေအိမ်တွေကို ဖြိုကျဖျက်ဆီးနေတာဖြစ်ပြီး အဖျက်ခံရမယ့်အထဲ အိမ်ကြီးအိမ်ကောင်းတွေလည်းပါနေတယ်လို့ဆိုကြပါတယ်။
” ဒီကနေ့မနက်ကတည်း လာဖျက်နေတယ်။ ကြိုတင်အကြောင်းကြားတာလည်း မရှိဘဲနဲ့ လုပ်လိုက်တော့ အကုန်ဒုက္ခတွေရောက်ကုန်တာပေါ့ဗျ။ တချို့အိမ်တွေဆို တိုက်တွေဆောက်ထားကြတာ အကုန်ဖျက်ပေးရတယ်။ အိမ်တွေကိုတော့ ကိုယ်ဘာသာ ဖျက်ပေးရတဲ့လူတွေလည်းရှိတယ် ပစ္စည်းတွေကိုတော့ ဒီလိုပဲနီးစပ်ရာ ဆွေမျိုးတွေဆီပို့ထားကြရတာပေါ့ ” လို့ ဒေသခံ တဦးကပြောပါတယ်။
စစ်ကောင်စီက သံလမ်းနဲ့ မလွတ်ဘူးလို့ အကြောင်းပြထားပေမယ့် အဲဒီသံလမ်းမှာ ရထားပြေးဆွဲမှုမရှိတော့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။
လတ်တလောမှာ အဖျက်ခံထားရတဲ့ အိမ်ခြေ ၂၀၀ ကျော်ရှိနေပြီး အများစုက အဲဒီနေရာတွေမှာ အရပ်ကတိစာချူပ်တွေနဲ့ ဝယ်ယူနေထိုင်လာခဲ့တာ နှစ်ပေါင်း ၂၀ ဝန်ကျင်လောက်ရှိတယ်လို့ သိရပါတယ်။
မနေ့ကလည်း အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်၊ အိုးဘို ရွှေကျင်ရပ်ကွက်ရှိ နေအိမ်တချို့ကို စစ်ကောင်စီက ဘူဒိုဇာတွေအသုံးပြုပြီး သံလမ်းနဲ့မလွှတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြိုချခဲ့ပါသေးတယ်။
စစ်အာဏသိမ်းမှုဖြစ်ပြီးနောက် မန္တလေးမှာ စစ်ကောင်စီက ရထားသံလမ်း၊ တာဝါတိုင်လမ်း စတဲ့နေရာအနီးက လူနေအိမ်တွေကို ကျူးကျော်ရှင်းလင်းသည့်ဟုဆိုက ဖြိုချနေတာပါ။
” သံလမ်းနဲ့ပေ ၅၀ အတွင်းမနေရသာပြောတာပါသူတို့ အငှားထားတဲ့ သံလမ်းဘေးက အိမ်တွေဆိုထိတောင်မထိဘူး။ ဒီလိုအေးတဲ့အချိန် လုပ်တော့ အကုန်လုံး အဆင်မပြေဖြစ်ကုန်တယ်။ ကျူးရှင်းပြီးဆို အိမ်ငှားခတွေကလည်း တခါတည်းတက်လာတယ်ဗျ ” လို့ ဒေသခံ တဦးကပြောပါတယ်။
မန္တလေးတချို့ရပ်ကွက်တွေမှာ ကျူးကျော်လို့ဆိုပြီး နေအိမ်တွေအဖျက်ဆီးခံထားရသော်လည်း စစ်အုပ်စုနဲ့ နီးစပ်သူတွေက အဲဒီနေရာတွေကို အကွက်ရိုက်ပြီး ခြံစည်းရိုးခတ်ထားတာတွေရှိတယ်လို့လည်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။