ကော့ကရိတ်မှာ ရှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ KNU,KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတာ ရက်သတ္တပတ်ကျော်လာပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ က ကျားဖြူစစ်ကြောင်းမှူး ဗိုလ်မှူးစောကျော်သက်က DNA ကိုပြောပါတယ်။
‘’တိုက်ပွဲကနေ့တိုင်းဖြစ်နေတာ။ သူတို့က စစ်ကြောင်းထိုးလာလိုက်ပြန်ဆုတ်လိုက်နဲ၈ရက်မြောက်ရှိနေပြီ။ စစ်ပွဲက အဓိကစစ်ကောင်စီပဲ သူတို့ဘက်က စစ်ကြောင်းထိုးလာတယ်။စစ်တပ်ကလေကြောင်းကနေပစ်တယ်။ နေ့ညမပြတ်အမြှောက်နဲ့ထုနေတယ်’’ ဒါတွေကြောင့်ဖြစ်နေတာ အထွေအထူးပြောစရာမရှိဘူး’’ လို့ တပ်မဟာ ၆ ကျားဖြူစစ်ကြောင်းမှူး ဗိုလ်မှူးစောကျော်သက်က ပြောပါတယ်။
လက်ရှိမှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကော့ကရိတ်မြို့မှာဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မနက်ပိုင်းကစလို့ ကော့နွဲ့ကျေးရွာကို စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေရှိနေပြီး ရွာတွေထဲနေအိမ်တွေလည်း မီးလောင်ပျက်စီးမှုတွေရှိနေတယ်လို့ ဆက်သိရပါတယ်။
‘’ တိုက်ပွဲက မနေ့ညကလည်းဖြစ်တယ်။ ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်မှာတပ်က ကော့နွဲ့ရွာမှာ မီးရှို့ခံနေရတယ်။ လေကြောင်းကပစ်လိုက်တာကြောင့် လောင်တာလည်းဖြစ်နိုင်တယ်။ ကော့ကရိတ်မှာတော့ အခု အကုန်ငြိမ်နေတာဘယ်သူမှအိမ်ထဲကနေမထွက်ရဲဘူး’’ လို့ ဒေသခံတဦးကလည်းပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်စပြီး ရက်ကစ စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်-မြဝတီအာရှလမ်းမတလျောက် ထိုးစစ်ဆင်လာပြီး KNLA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့တာဖြစ်ခဲ့ကြတာပါ။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်မှုတွေနဲ့ရှိနေပေမယ့် စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေမှာတော့ လက်နက်ကိုင်အဖွဲ့တွေကပစ်ခတ်မှုကြောင့်ဆိုပြီးစွပ်စွဲထုတ်ပြန်နေပါတယ်။
တိုက်ပွဲတွေနဲ့အတူစစ်ကောင်စီတပ်တွေဟာ ဒေသခံကျေးရွာတွေဘက်ကို လေကြောင်းကနေတိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်တာတွေလုပ်နေတာကြောင့ကော့ကရိတ်မြို့နယ်ထဲက ကော့နွဲ့ကျေးရွာအုပ်စုဟာ အကုန်လုံးနီးပါး နေရပ်ကနေဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။
ကော့နွဲ့ကျေးရွာအုပ်စုမှာဆိုရင် ကျေးရွာပေါင်း ၆ရွာရှိပြီး အိမ်ခြေ ၈၀၀ ကျော်နဲ့လူဦးရေး ၄၀၀၀ ဝန်းကျင်နေထိုင်ကြပြီး လက်ရှိမှာတိုက်ပွဲကြောင့် အားလုံးဘေးလွတ်ရာပြေးနေရသလို နေအိမ်ပျက်စီးမှုတွေနဲ့ အိမ်မွေးတရိစ္ဆာန်တွေသေကျေပျက်စီးတာတွေရှိနေတယ်လို့လည်း ဒေသတွင်းကော့ကရိတ်ပွင့်လင်း သတင်းစဉ်မှာဖော်ပြထားပါတယ်။