ကမ္ဘာ့ဖလားမှာ တောက်ပခဲ့တဲ့ နယ်သာလန် ဘောလုံးကြယ်ပွင့် ဂက်ခ်ပိုကို လီဗာပူးလ် ခေါ်ယူ

လီဗာပူး အသင်းဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားခဲ့တဲ့ နယ်သာလန် တောင်ပံတိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဂက်ခ်ပိုဟာ ကာတာမှာ ကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲကြီးမှာ ခြေစွမ်း အပေါ်လွင်ဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကာလရှည်ကြာ ပစ်မှတ်အဖြစ် သတင်းကြီးနေရာက ခါးသီးပြိုင်ဘက် လီဗာပူးလ်က ရုတ်တရက် လက်ဦးမှု ယူလိုက်နိုင်တာ ဖြစ်ပါတယ်။
နယ်သာလန်ကလပ် ပီအက်စ်ဗီ အိုင်ဟိုဗန်က သူတို့ရဲ့ ကစားသမားဟာ အန်းဖီးလ် ဘောလုံးကွင်းကြီးဆီ ပြောင်းရွှေ့တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ လီဗာပူးလ်ဟာ ဂက်ခ်ပိုအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ နဲ့ ၅၀ ကြား ပေးချေခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။
ဒါဟာ ပီအက်စ်ဗီ အသင်းအတွက်တော့ ကစားသမား ရောင်းချမှုကနေ စံချိန်တင် ပြောင်းရွှေ့ကြေး ရရှိလာတာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ အသင်းရဲ့ တောင်ပံတိုက်စစ်သမားတွေဖြစ်တဲ့ လူးဝစ်ဒီယက်ဇ်နဲ့ ဒီယိုဂို ဂျိုတာတို့ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရမယ့် အခြေအနေမှာ ဂက်ခ်ပိုကို ဆုံးဖြတ်ချက် မြန်မြန်ဆန်ဆန်နဲ့ ခေါ်ယူခဲ့တာပါ။
ပီအက်စ်ဗီအသင်း ဘုတ်အဖွဲ့ဟာ ဂက်ခ်ပိုကို Boxing Day (ဒီဇင်ဘာ ၂၆ ရက်)မှာ အင်္ဂလန်ကို သွားရောက်ဖို့ ခွင့်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဂက်ခ်ပိုဟာ အခုရာသီမှာ အကောင်းဆုံး ခြေစွမ်းပြနေပြီး ပီအက်စ်ဗီအတွက် အမှတ်ပေးပြိုင်ပွဲ ၁၄ ပွဲ ကစားပြီး ၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ထားပါတယ်။
သူဟာ လီဗာပူးလ်မှာတော့ လက်ရွေးစင် အသင်းဖော်ဖြစ်သူ ဗာဂျဲလ် ဗန်ဒက်ဂျ်နဲ့ ပြန်လည် ပေါင်းဆုံခွင့် ရလာမှာ ဖြစ်ပါတယ်။