ကမ္ဘာ့ဖလားက ပြဿနာအပြီး Salt Baeကို အမေရိကန် ဘောလုံးပြိုင်ပွဲတစ်ခုက ဝင်ရောက်ခွင့်ပိတ်

ကမ္ဘာ့ဖလား ဆုပေးပွဲမှာ ဘောလုံးကွင်းထဲကို ဝင်ရောက်ခဲ့ပြီး ဆုဖလားကြီးကို ပိုင်စိုးပိုင်နင်း ကိုင်မြှောက်ခဲ့သူ ကမ္ဘာကျော် စားဖိုမှူး Salt Baeကို လာရောက် ကြည့်ရှုခွင့် မပြုတော့ကြောင်း အထင်ကရ ဘောလုံးပြိုင်ပွဲ တစ်ခုက အတည်ပြု ကြေညာလိုက်ပါတယ်။
နာမည်ရင်းက နူစရက် ဂေါ့ခ်စီလို့ခေါ်တဲ့ တူရကီ စားဖိုမှူးဟာ ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ ဖီဖာရဲ့ အရေးအကြီးဆုံး စည်းမျဉ်းတစ်ခုကို ချိုးဖောက်ခဲ့တာကြောင့် အကြီးအကျယ် ဝေဖန် ခံခဲ့ရပါတယ်။ သူဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ချန်ပီယံ ဖြစ်သွားလို့ အောင်ပွဲခံနေတဲ့ အာဂျင်တီးနား အသင်းသားတွေကြားထဲ ရောနှော ဝင်ရောက်ပြီး ကမ္ဘာ့ဖလားကြီးကို ကိုင်တွယ် နမ်းရှုပ်ခဲ့ပါတယ်။
၁၈ ကာရက် ရွှေသားနဲ့ သွန်းလုပ်ထားတဲ့ ဆုဖလားကို ဘယ်သူတွေပဲ ကိုင်တွယ်ခွင့် ရမယ်ဆိုတာမျိုး ဖီဖာက တင်းတင်းကျပ်ကျပ် သတ်မှတ်ထားပြီးသားပါ။ ကမ္ဘာ့ဖလားကြီးကို ချန်ပီယံ အသင်းသားတွေ၊ နည်းပြအဖွဲ့တွေနဲ့ မိသားစုဝင်တွေ၊ ဖီဖာရဲ့ ထိပ်တန်း အရာရှိတွေ၊ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေသာ ကိုင်တွယ်ခွင့် ရှိပါတယ်။ အဲဒါကို Salt Baeက ကွင်းထဲကို ဝင်ရောက်ခွင့် ရခဲ့ရုံသာ မကဘဲ ဆုဖလားကြီးကိုပါ ပိုင်စိုးပိုင်နင်း ကိုင်မြှောက်ခဲ့တာကြောင့် အပြင်းအထန် ဝေဖန်မှုတွေ ထွက်ပေါ်လာတာ မဆန်းပါဘူး။
ဒီပြဿနာက မီးခိုးကြွက်လျှောက် ဆက်ဖြစ်ခဲ့ပြီး Salt Baeဟာ အထူးကန့်သတ်ထားတဲ့ ကွင်းထဲ ဝင်ခွင့်ကတ်ကို ဘယ်လို ရခဲ့သလဲဆိုတဲ့ မေးခွန်းတွေပါ ထွက်ပေါ်လာပါတယ်။ သူဟာ ဖီဖာဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုနဲ့ ပုဂ္ဂိုလ်ရေး အရမ်းရင်းနှီးကြောင်း သတင်းတွေ ပျံ့နှံ့လာတဲ့အခါ ဖီဖာလည်း မနေသာတော့ဘဲ အဖွဲ့အစည်း အတွင်းပိုင်းမှာ စုံစမ်းမှုတွေ ပြုလုပ်မယ်လို့ ကြေညာခဲ့ရပါတယ်။
လောလောဆယ်မှာတော့ အမေရိကန် နိုင်ငံရဲ့ သမိုင်းကြောင်းမှာ သက်တမ်း အရင့်ဆုံး အထင်ကရ ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်တဲ့ အမေရိကန်အိုးပင်း ဖလားပြိုင်ပွဲက Salt Baeကို ၂၀၂၃ ခုနှစ်မျာ ကျင်းပမယ့် ဗိုလ်လုပွဲစဉ် တက်ရောက်ခွင့် ပေးတော့မှာ မဟုတ်ကြောင်း ကြေညာလိုက်ပါတယ်။ ကမ္ဘာ့ဖလားတုန်းက ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး အခုလို အရေးယူခဲ့တာလို့လည်း ဖလားပြိုင်ပွဲ တာဝန်ရှိသူတွေက ဆိုပါတယ်။
Salt Baeဟာ အရှေ့အလယ်ပိုင်း နိုင်ငံတချို့မှာ စျေးကြီးတဲ့ အသားကင်ဆိုင်တွေ ဖွင့်လှစ်ထားသူ တစ်ဦးပါ။ အသားကင်ပေါ် ထူးထူးဆန်းဆန်း ဆားဖြူးတဲ့ သူ့ရဲ့ စတိုင်က အင်တာနက်မှာ လူပြောများလာရာကနေ ၂၀၁၇ လောက်မှာ Salt Baeက စတင် နာမည်ကြီးလာတာ ဖြစ်ပါတယ်။
Salt Baeဟာ ကွင်းထဲ​ဝင်ပြီး ဆုဖလားကို ကိုင်ထားချိန်မှာ အာဂျင်တီးနား ကစားသမား တချို့ကိုပါ အရောတဝင်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ရှောင်ဖယ်သွားသလို နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကလည်း ဓာတ်ပုံ အတူတွဲရိုက်ရတဲ့အပေါ် စိတ်မသက်မသာ ဖြစ်နေဟန်ကိုလည်း တွေ့ခဲ့ရပါတယ်။