ဧရာဝတီတိုင်း၊ ဘိုကလေးမြို့က NLD ရုံး ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေတစ်ဦးအပါအဝင် လူ (၉) ဦးကို (၅၀၅) ပုဒ်မနဲ့ စစ်ကောင်စီ လက်အောက်ခံ ဖျာပုံထောင်တွင်းတရားရုံးက ထောင်ဒဏ် (၂) စီကို ဒီဇင်ဘာလ ၁၉ ရက်က ပြစ်ဒဏ်ချလိုက်တယ်လို့ သိရပါတယ်။
ဘိုကလေးမြို့နယ် NLD ရုံး ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင်၊ ဘိုကလေးမြို့ NLD အလုပ်မှုဆောင်အဖွဲ့ဝင် ကိုစိုးမင်းနဲ့ NLD လူငယ်အများစု ပါဝင်တဲ့ အဆိုပါ လူ (၉) ဦးကို စစ်တပ်အာဏာသိမ်းမှုကို ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်တယ်ဆိုပြီး တစ်နှစ်ကျော်ကြာ ဖမ်းဆီးပြီးနောက် ထောင်ဒဏ်များ ချမှတ်လိုက်တယ်လို့ DNA ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“၉ ဦးစလုံးကို အပြီးပြတ်အမိန့်ချမှတ်လိုက်တာပါ။ တစ်ယောက်ကို ၂ နှစ်စီ ထောင်ချမှတ်လိုက်တယ်။ တချို့ကတော့ NLD က မဟုတ်ဘူး။ ဒီထဲမှာ ကိုစိုးမင်းက အရင်က ကလေးသူငယ်စစ်တပ်ကဆိုပြီး ငါးနှစ်နဲ့ ပထမဆုံး ထောင်ချပြီးသွားပြီ။ လွန်ခဲ့တဲ့ ၇/၈ လက သူ့ကို ၅ နှစ်ချပြီးသွားပြီ။ ၅၀၅ နဲ့ပတ်သက်ပြီးတော့ မနေ့က ၂ နှစ် ထပ်ချလိုက်တာပါ” လို့ သူက ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင်ဟာ NLD အဖွဲ့ဝင် မဟုတ်ဘဲ ဘိုကလေးမြို့နယ်မှာ ဥပဒေအကြံပေးအဖြစ်သာ ဆောင်ရွက်သူဖြစ်ပါတယ်။
ဦးစန်းလွင်က မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှာ ဧရာဝတီတိုင်းအတွင်းရေးမှူး တာဝန်နဲ့ ငွေကြေးမတတ်နိုင်တဲ့ အမှုတွဲတွေကို အခမဲ့ကူညီပြီး အမှုလိုက်ပေးနေတဲ့ ရှေ့နေ့တစ်ဦးလည်း ဖြစ်ပါတယ်။
“လောလောဆယ် သူတို့ လက်ခုပ်ထဲက သားရေးပင်ဥပဒေ ဖြစ်တာကြောင့်လေ။ ဘာမှ ပြောခွင့်မရှိဘူးလေ။ မျှော်လင့်ချက်ကလေးပဲ ထားခွင့်ရှိတယ်။ ဒါပေမဲ့ သူက တရားလွှတ်တော် ရှေ့နေလည်း ဖြစ်တာကြောင့်မို့လို သူတို့တရားဥပဒေကြားမှာ လိုင်စင်တော့ လုံးဝထိသွားတယ်” လို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။
ဦးစန်းလွင်ဟာ စစ်ကောင်စီလက်အောက်ခံ ဖျာပုံအကျဉ်းထောင်မှာဆိုရင် ပထမဆုံး အမိန့်ချခံထားရတဲ့ ရှေ့နေတစ်ဦး ဖြစ်ပါတယ်။
ထောင်ဒဏ် (၂)နှစ် ချမှတ်ခံလိုက်ရတဲ့ ဦးစန်းလွင်ဟာ ထောင်ကလွှတ်လာပါက လိုင်စင်ထိထားတဲ့အတွက် ရှေ့နေလိုင်စင် ပိတ်သိမ်းခံရနိုင်တယ်လို့လည်း နီးစပ်သူတွေက ဆိုပါတယ်။