ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက တနိုင်းလီဒိုလမ်းမပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA က မနေ့ ဒီဇင်ဘာ ၁၇ မှာ မိုင်းနှစ်ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနိုင်းမြို့နယ်ထဲက ရှဒူဇွပ်ကျေးမှာ တပ်စွဲထားတဲ့ ခလရ (၂၉၇) စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဟာ အင်အား ၁၀၀ လောက်ဟာ စစ်လက်နက်တွေနဲ့ နန်ခက်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးနေချိန်မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ အနီးအနားက လူနေကျေးရွာတွေဘက်ကိုလည်း ပစ်ခတ်မှုတွေ ဆက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာလည်း လမုန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တွေ စခန်းချထားတဲ့နေရာကို ကေအိုင်အေတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲ့မှာက လီဆူပြည်သူ့စစ်တွေနေတာ တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့ ခဏခရီးထွက်နေတဲ့အချိန် သွားပြီးမီးရှို့ပေးလိုက်တာ ဟုတ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။