ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ဘက်နဲ့ မြောက်ဘက်ခြမ်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက မနေ့ ဒီဇင်ဘာ ၁၇ ညပိုင်းက လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်းက တစ်မိုင်ကုန်းကျေးရွာ၊ နန်းဖာလေးကျေးရွာ၊ ကော့နွယ်ကျေးရွာနဲ့ မြောက်ဘက်ခြမ်းက ကောင်းမှုကျေးရွာ၊ ပျားပင်ကျေးရွာ၊ လိုက်စင်ကျေးရွာတို့ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ် (၂) စီးနဲ့ (၂) ကြိမ် လာရောက်ပစ်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
တချို့ကျေးရွာတွေကို လက်နက်ကြီးနဲ့လည်း လှမ်းပစ်ပြီး လူထိခိုက်မှု မရှိသော်လည်း နေအိမ်တချို့မှာ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
“ကော့ကရိတ်မြို့နယ်၊ ဖားကျကျေးရွာကို တပ်မတော်က တိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကော့ကရိတ်မြို့ တောင်ဘက်ခြမ်း၊ ညက ၁၂ ကျော်မှာ လေယာဉ်တွေ စလာတာပေါ့လေ။ ကောင်းမှုကျေးရွာ၊ ပျားပင်ကျေးရွာ လိုက်ဆင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ချပါတယ်။ အဲဒါက ကော့ကရိတ်မြို့ရဲ့ မြောက်ဘက်ခြမ်းပေါ့နော်၊ တောင်ဘက်ခြမ်းမှာဆိုရင် တစ်မိုင်ကုန်းဘက်ခြမ်းက တစ်မိုင်ကုန်းကျေးရွာ၊ နန်းဖာလေးကျေးရွာ၊ ကော့နွယ်ကျေးရွာဘက်ကို တိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးတွေ လှမ်းထုတယ်။ လေယာဉ် (၂) ကြိမ်နဲ့ ဗုံးတွေလာပစ်ချတာပေါ့နော်။ လေယာဉ် (၂) စီးလာတယ်။ (၂) ကြိမ် လာပစ်ချပါတယ်” မြေပြင်မှာရှိနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ညပိုင်း ပစ်ခံရမှုမှာ လောက်ကိုင်၊ ဖားကျကျေးရွာက KNDO တပ်ရင်းမှူးရဲ့အိမ်အနီးကိုလည်း ၁၂၀ မမ လက်နက်ကြီးနဲ့ အနည်းဆုံး (၆) လုံးခန့် လှမ်းပစ်သောကြောင့် အဲဒီအိမ်ကတော့ အဆိုးဆုံးပျက်စီးသွားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်မှာလည်း ကော့ကရိတ်မြို့ တောင်ဘက်ခြမ်းမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတချို့ကို KNLA နဲ့ ပူးပေါင်းကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်ရှိ ခမရ (၂၃၁) တပ်ရင်းမှူး (၁) ဦး၊ ဗိုလ်ကြီး (၁) ဦး၊ ရဲမေ (၁) ဦးနဲ့ တပ်သား (၁) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ အများအပြား ရှိခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ တောင်ပိုင်းစစ်ဒေသသတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။