မုံရွာမြို့အဝင်က စစ်တပ်ဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်က ပြည်သူပိုင် အဆောက်အအုံတခုထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာမှာ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ အဲ့ဒီပစ်ခတ်မှုမှာပါဝင်ခဲ့တဲ့ Monywa Ranger Army တာဝန်ခံက DNA ကို​ပြောပါတယ်။

ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဲ့ဒီအဆောက်အဦးအတွင်းက စစ်တပ်ကို ဒီဇင်ဘာ (၅) ရက် မနက်ဆယ်နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ချိန် ဆယ်မိနစ်ဝန်းကျင်ရှိခဲ့တဲ့ အဲ့ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ရှစ်ဦးသေပြီး တော်လှန်ရေးအဖွဲ့တွေဘက်က တဦးကျဆုံးတယ်လို့ Monywa Ranger Army တာဝန်ခံက ဆိုပါတယ်။

“ကျွန်တော်တို့ မဟာမိတ်တွေက အလစ်အငိုက်ကို ဝင်ရောက်ပစ်ခတ်ခဲ့တာ၊ ​ွေး (စစ်တပ်) လဲ ပြန်ပစ်တယ်၊ အထိနာတော့ ကားနဲ့ကိုလိုက်ပစ်တာ” လို့ သူကပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ဆေးရေးလုပ်နေတဲ့ စစ်သားနှစ်ဦး၊ သဲအိပ်ဘန်ကာထဲဝပ်ကျင်းလုပ်နေတဲ့ စစ်သားငါးဦးနဲ့ ဝရံတာအပေါ်က စစ်သားတဦး၊ စုစုပေါင်းရှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ချိန်မှာ အဲ့ဒီအဆောက်အဦးဝန်းကျင်က လမ်းပေါ်သွားလာနေတဲ့ လမ်းသွားလမ်းလာ ပြည်သူနှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ မုံရွာမြို့ခံတချို့က ပြောပါတယ်။

“တစ်ယောက်က လူငယ်ပါ၊ ပိုလီယိုရောဂါသည်လို့လည်း ပြောနေကြတယ်၊ အတိအကျတော့ မသိဘူး၊ နောက်တစ်ယောက်ကတော့ အမြင့်ကုန်းရပ်ကွက်က ခရမ်းချဥ်သီးခူးရင်းထိတာ ဒီနေ့မနက်ပိုင်းကမှ ဆုံးသွားတာ” လို့ မုံရွာမြို့ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ အရပ်သားနှစ်ဦးကို ဘယ်ဖက်က ပစ်ခတ်တယ်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရပေမယ့် မြို့ခံတွေကတော့ စစ်တပ်က ပစ်တာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို Golden Eagle Force-Monywa-V2၊ Black Dragon Special Task Force-Monywa၊ Monywa Ranger Army၊ မိုင်းမင်းသား မြေအောက်ပျောက်ကြားတပ်ဖွဲ့နဲ့ သပြေညို ပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။