ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်က အထက(ခွဲ) ကံဟောင်းကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့မူလတန်းပြဆရာတဦးဖြစ်တဲ့ ဦးထက်မြက်အောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀နှစ်ချလိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း ခရမ်းမြို့နယ်အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ က ထုတ်ပြန်ကြေညာလာပါတယ်။
ကျောင်းဆရာဦးထက်မြက်အောင်ဟာ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနေအိမ်မှာနေထိုင်နေစဉ် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ ၂၃ ရက်မှာ စစ်ကောင်စီတပ်တွေကလာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ဆိုပါတယ်။
‘’အာဏာသိမ်းပြီးကတည်းက ရန်ကုန်နဲ့ ခရမ်းသွားလာပြီး ပုံမှန်နေခဲ့တာ။ဝင်ဖမ်းမယ်ဆိုတာမသိပဲ အိမ်မှာနေခဲ့ရင်း အဖမ်းခံလိုက်ရတာ။ ၅၀ညနဲ့ တရားစွဲပြီးထောင် ၁၀နှစ်ချလိုက်တာ။ အခု မိသားစုကလည်း ခက်ခဲနေပြီး သူ့ကို လည်းပုံမှန် ထောက်ပံ့ကူညီဖို့ခက်ခဲနေပါတယ်’’ လို့ ခရမ်းမြို့နယ် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂကတာဝန်ရှိသူက DNA ကိုပြောပါတယ်။
အခုလိုCDMလှုပ်ရှားမှုမှာပါခဲ့ပြီးနေအိမ်မှာအေးဆေးစွာနေထိုင်သူကိုသက်သေမခိုင်လုံတဲ့ စွပ်စွဲချက်တွေနဲ့ဖမ်းဆီးထောင်ချတဲ့အပေါ် ခရမ်းမြို့နယ် အခြေခံပညာပညာရေးလုပ်သားများသမဂ္ဂ ကပြင်းထန်စွာ ကန့်ကွက်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။