
စာအိတ်ဗုံးတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် စပိန်နိုင်ငံအနှံ့ လုံခြုံရေး အစီအမံတွေကို အရေးပေါ် မြှင့်တင်ထားရကြောင်း သိရပါတယ်။
မြို့ကြီးတချို့မှာ စာအိတ်ဗုံးတွေ ဆက်တိုက် တွေ့ရှိနေသလို ဝန်ကြီးချုပ်ဆီ လိပ်မူပြီး စာအိတ်ဗုံး ပေးပို့တာမျိုးပါ ရှိလာတဲ့နောက် ဒီကိစ္စကို သတိကြီးကြီးနဲ့ တုံ့ပြန်နေရတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်က ဆဋ္ဌမမြောက် စာအိတ်ဗုံးအဖြစ် မက်ဒရစ်မြို့က အမေရိကန် သံရုံးကို လိပ်မူပြီး ရောက်ရှိလာတဲ့ စာအိတ်တစ်ခုကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။
အဲဒီမတိုင်ခင်က ယူကရိန်း သံရုံးဆီ ပေးပို့တဲ့ စာအိတ်ဗုံး ပေါက်ကွဲလို့ သံရုံးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။ အမေရိကန် သံရုံးထဲ ရောက်လာတဲ့ စာအိတ်ဗုံးကိုတော့ ကန့်သတ်ထိန်းချုပ် ဖောက်ခွဲနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အခုလိုမျိုး စာအိတ်ဗုံးတွေ ဖြန့်ဝေ ပို့ဆောင်နေတာဟာ ဘယ်သူဘယ်ဝါရဲ့ လက်ချက်လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ လောလောဆယ်တော့ မက်ဒရစ်က သံရုံးတွေရဲ့ လုံခြုံရေးတွေကိုလည်း တင်းကျပ်ထားရပါတယ်။
စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်ဆီ လိပ်မူတဲ့ စာအိတ်တစ်လုံးကတော့ ဝန်ကြီးချုပ် အိမ်တော်ရဲ့ စာတိုက်ပုံးထိ ရောက်လာပြီး မသင်္ကာစရာ ကောင်းတဲ့အတွက် လုံခြုံရေး အရာရှိတွေက စစ်ဆေးကြည့်ပြီး ထိန်းချုပ် ဖောက်ခွဲလိုက်ပါတယ်။
စပိန် ပြည်ထဲရေး ဝန်ကြီးဌာနက သံရုံးတွေ၊ အစိုးရ အဆောက်အအုံတွေနဲ့ စပိန်နိုင်ငံ အနှံ့က တခြား ပစ်မှတ် ဖြစ်လာနိုင်တဲ့ နေရာတွေ အားလုံးမှာ အရေးပေါ် လုံခြုံရေး အစီအမံတွေ မြှင့်တင်ထားကြောင်း အတည်ပြုခဲ့ပါတယ်။ စပိန်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲ စတင်ချိန် ကတည်းကလည်း လုံခြုံရေး တင်းကျပ်ထားခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။