စပိန်က မင်္ဂလာဆောင်တစ်ခုကို ကားနဲ့ဝင်တိုက်လို့ လေးဦးသေ 

 

စပိန်နိုင်ငံမှာ မင်္ဂလာပွဲ အခမ်းအနား တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ကားနဲ့ ဝင်တိုက်ခဲ့ရာက ၄ ဦးသေပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။ 

နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက မက်ဒရစ်မြို့တော် အရှေ့မြောက်ပိုင်း တိုရီဂျွန် ဒီအာဒေါ့ဇ်မြို့မှာ မင်္ဂလာပွဲ အခမ်းအနား ကျင်းပနေတုန်း အခုလို ဆိုးရွားတဲ့ ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့တာပါ။ ရန်ပွဲတစ်ခုကို အကြောင်းပြုပြီး အဲဒီကားဟာ မင်္ဂလာဆောင်ထဲကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ 

လောလောဆယ်မှာတော့ ကားမောင်းသူ ဖခင်ရယ်၊ သားနှစ်ယောက်ရယ်ကို ဖမ်းဆီးရမိထားပြီး နောက်ထပ် သံသယရှိသူ တစ်ဦးကိုလည်း ရှာဖွေနေတယ်လို့ ရဲတွေက ဆိုပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ 

မျက်မြင်တွေရဲ့ အဆိုအရတော့ မနက်အစောပိုင်း၊ မင်္ဂလာပွဲ ကျင်းပရာ စားသောက်ဆိုင်ရှေ့မှာ ရန်ပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ကားက မင်္ဂလာပွဲ ကျင်းပနေတဲ့ နေရာထဲ အရှိန်နဲ့ ဝင်တိုက်ခဲ့တာပါ။ 

သေဆုံးသူတွေဟာ ခြေလက်နဲ့ အရိုးတွေ ကျိုးကြေကုန်တဲ့ထိ အခြေအနေ ဆိုးခဲ့ကြောင်း ဧည့်သည် တစ်ယောက်က ပြောပါတယ်။ ကားက မင်္ဂလာဆောင်ကို တိုက်ပြီး မောင်းပြေးသွားတဲ့နောက် အခင်းဖြစ်တဲ့ နေရာနဲ့ ၅၀ ကီလိုမီတာလောက် အကွာမှာ လူ ၃ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။ 

ရန်ပွဲဟာ ပြစ်မှုကျူးလွန်သူ၊ သတို့သား၊ သတို့သမီးတို့ကြား ဆက်စပ်မှု ရှိမရှိ ဆိုတာကိုတော့ ရဲတွေက ပြောကြားမသွားခဲ့ပါတယ်။