စစ်တပ်က ပုဏ္ဏားကျွန်း ဆင်အင်းကြီး ရွာခံဆယ့်တဦးကို သတ်ဖြတ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပုဏ္ဏားကျွန်း- စစ်တွေကားလမ်းအနီးက ဆင်အင်းကြီး ကျေးရွာကို နိုဝင်ဘာ ၁၀ရက် ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ရွာခံ (၁၁) ဦးကိုသတ် ဖြတ်ခဲ့သလို နေအိမ်တွေကိုလည်းမီးရှို့သွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းပြန်ထွက်သွားပြီးနောက် ဒီကနေ့မနက်ပိုင်းမှာ ဒေသခံတွေက ကျေးရွာထဲ ဝင်ရောက်ရှင်းလင်းရာမှာ လက်ရှိအချိန်အထိ ရုပ်အ လောင်း (၁၁)လောင်းတွေ့ထားတယ်လို့ သိရပါ တယ်။

“အဲ့ဒါကိုသွားသယ်ဖို့ ကျွန်တော်တို့တိုင်ပင်နေ ကြ တယ်၊စာတင်တဲ့လူတွေလည်းတင်နေကြတယ်၊နေအိမ်ကတော့ ဆယ်လုံးလောက်ပါသွားတယ်လို့ ပြောတယ်၊ကျွန်တော်တို့ကလည်း အခုကူညီခွင့် မရလို့ သွားလို့ကို မရသေးဘူး”လို့ ပုဏ္ဏားကျွန်း အရပ်ဖက်လူမှုကူညီကယ်ဆယ်ရေးကွန်ရက် တာဝန်ရှိသူက DNAကိုပြောပါတယ်။

ရခိုင့်တပ်တော်(AA)က စစ်ကောင်းစီတပ်ဖွဲ့ဝင်တွေ ပါလာတဲ့ကားကို မနေ့ကမိုင်းဆွဲတိုက်ခိုက်အပြီးမှာ စစ်တပ်က ဆင်အင်းရွာထဲဝင်ပြီး အခုလို သတ်ဖြတ်မီးရှို့တာတွေလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတချို့ကဆိုပါတယ်။

“စစ်ကောင်စီတပ်သားတွေသယ်လာတဲ့ကားကို AAက မိုင်းဆွဲလိုက်တာ၊ကျွန်တော်တို့လည်း အဲ့ဒိလောက်ပဲပြောလိုရမယ်၊ကျန်တာတော့ ပြောလို့မရဘူး” ဒေသခံတဦးကပြောပါတယ်။

သတ်ဖြတ်ခံရးရပြီး ရုပ်အလောင်းတွေ့ရှိထားသူတွေထဲမှာ ဆင်အင်းကြီးရွာခံ အသက် (၈၀)ကျော် အဘွားအိုတဦးပါဝင်သလို ရွာခံတွေဖြစ်တဲ့ဦးမောင်မောင်သိန်း၊ ဦးမောင်ကျော်သိန်း၊ ဦးစံ၊ ဦးမောင်စံလှ၊ ဦးခင်မောင် စသူတွေရဲ့ရုပ်အလောင်းတွေကိုအတည်ပြုထားနိုင်တယ်လို့ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာ ၁၁ရက်၊မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက လူနေကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် လေဘာရုံကျေးရွာက အမျိုးသမီးတစ်ဦး ဦးခေါင်ထိခိုက်ဒဏ်ရာနဲ့သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးကတော့ ခြေထောက်နှစ်စလုံးပြတ်ထွက်ဒဏ်ရာရရှိခဲ့တယ်လို့ ပုဏ္ဏားကျွန်အရပ်ဖက်လူမှုကူညီကယ် ဆယ်ရေး ကွန်ရက်တာဝန်ရှိသူက ​ပြောပါတယ်။ “အဲ့ဒါလည်း ကျွန်တော်တို့ကူညီဖို့သွားတယ်၊မရဘူး”လို့ သူကပြောပါတယ်။

စစ်တပ်က ကျေးရွာတွေထဲဝင်ပြီး နေအိမ်တွေမီးရှို့တာ၊ဒေသခံတွေကိုသတ်ဖြတ်တာနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံ တရာဝန်းကျင် ပုဏ္ဏားကျွန်းမြို့ပေါ်ကို တိမ်းရှောင်ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။