ပုဏ္ဏားကျွန်းမြို့က ရပ်/ကျေး အုပ်ချုပ်ရေးမှူး ခြောက်ဆယ်ကျော် နှုတ်ထွက်စာတင်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး (၆၀)ဝန်းကျင်ဟာ အုပ် ချုပ်ရေးမှူးအဖြစ်ကနေ နှုတ်ထွက်ဖို့အတွက် စာတင်ထားတယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးအဖြစ်ကနှုတ်ထွက်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို နိုဝင်ဘာ (၁၀)ရက် နောက်ပိုင်းကစပြီး စာတင်ခဲ့ကြတာလို့လည်း ဆိုပါတယ်။
“အဓိကကတော့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှူးတွေအပေါ် မထီမဲ့မြင်လုပ်တဲ့ကိစ္စတွေ၊ ဒေသခံပြည်သူတွေအပေါ် မတရားညှင်းပန်းနှိပ်စက်တဲ့ အခြအနေတွေကို လက်မခံနိုင်တာကြောင့်လို့ ပြောကြတယ်” လို့ အုပ်ချုပ်ရေးမှူးအဖြစ်ကနေ နှုတ်ထွက်စာတင်ထားသူတဦးက DNA ကို ပြောပါတယ်။

အခုလို အုပ်ချုပ်ရေးမှူးအများစု နုတ်ထွက်တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ဖြစ်ခဲ့တဲ့ ဆင်အင်ကြီး ကျေးရွာဖြစ်စဥ်အပြင် စစ်ကောင်စီတပ်တွေအနေနဲ့ ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံပြည်သူတွေအပေါ် ကူညီဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေမရခဲ့တာတွေအပြင် လူသားချင်းစာနာထောက်ထားမှုမရှိတဲ့ လုပ်ရက်တွေကို မနှစ်သက်တာကြောင့် အခုလိုနှုတ်ထွက်ရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတဦးက ဆိုပါတယ်။

“အခု ဒေသခံပြည်သူတွေ အခက်အခဲတွေဖြစ်နေတယ်၊ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူး၊လက်နက် ကြီးထိခိုက်ဒဏ်ရာရတဲ့ လူနာကိုတောင် တာဝန်ခံပြီး ဆေးရုံပို့ဖို့ကိုတောင်မလုပ်နိုင်ဘူး၊ကြာလာတော့ စိတ်ပျက်လာတယ်”လို့ နှုတ်ထွက်စာတင်ထားတဲ့ ရပ်ကျေးအုပ်ချုပ်​ရေးမှူးတဦးကလည်း ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး (၉၅) ဦးရှိပြီး လက်ရှိမှာ (၆၀) ဝန်း ကျင်က နုတ်ထွက်စာတင်ထားတာဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့စစ်တွေမြို့ကြားက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ရခိုင့်တပ်တော် AAတို့ စစ်ရေးပဋိပက္ခ မြင့်တက်ချိန်တွေမှာ စစ်တပ်က ဒေသတွင်းအုပ်ချုပ်ရေးတာဝန်ရှိသူတွေအပြင် ရဲတပ်ဖွဲ့ဝင်တချို့ကိုပါ ဖိအားပေးတာ၊သံသယနဲ့ ဖမ်းဆီးခံရတာတွေရှိပါတယ်။

အဲ့ဒီလို ဖြစ်စဉ်တွေရှိတာကြောင့် ၂၀၂၀ခုနှစ်မှာ ယာယီအပစ်မရပ်ခင် တိုက်ပွဲတွေပြင်းထန်ချိန်ကလည်း ရခိုင်ပြည်နယ်က ရပ်/ကျေး အုပ်ချုပ်ရေးမှူးအများအပြား နှုတ်ထွက်ခဲ့ကြဖူးပါတယ်။