၂၀၂၄ အမေရိကန် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သွားမယ်လို့ Rap အဆိုတော် ကင်ယီဝက်စ်ပြော

Rap အဆိုတော် ကင်ယီဝက်စ်က သူဟာ လာမယ့် ၂၀၂၄ ခုနှစ်၊ အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတ ရာထူးအတွက် ပါဝင် ယှဉ်ပြိုင်သွားဖို့ ဆန္ဒရှိကြောင်း ပြောကြားလိုက်ပါတယ်။ 

မကြာသေးခင် ကာလတွေအတွင်း သူ့ရဲ့ အမူအကျင့်ပိုင်းအပေါ် ဝေဖန်စရာ၊ မေးခွန်းထုတ်စရာတွေ ဆက်တိုက် ကြုံခဲ့ရတဲ့ အနေအထားမျိုးမှာ ဝက်စ်က အခုလို ထုတ်ပြောလာတာပါ။ သူ့နာမည်ကို Yeလို့ တရားဝင် ပြောင်းလဲ မှည့်ခေါ်ထားတဲ့ အဆိုတော်က ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ အသုံးပြုမယ့် အမှတ်တံဆိပ်ကို လူမှုကွန်ရက် မီဒီယာတွေပေါ် တင်ခဲ့ပြီး Ye 24လို့လည်း ရေးသားထားခဲ့ပါတယ်။ 

သူက အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ကိုလည်း သူ့ရဲ့ ရွေးကောက်ပွဲ လက်တွဲဖော် (ဒုတိယ သမ္မတ)အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ထရမ့် ကိုယ်တိုင်က လာမယ့် ရွေးကောက်ပွဲမှာ တကျော့ပြန် ယှဉ်ပြိုင်မယ်လို့ သီးခြား ကြေညာပြီးသားပါ။ 

ဝက်စ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း သမ္မတ နေရာအတွက် မဲဆွယ်တာတချို့ လုပ်ခဲ့သေးပေမယ့် အခြေအနေ မကောင်းတဲ့အတွက် စောစောစီးစီးပဲ လက်လျှော့ခဲ့ရပါတယ်။ အဲဒီတုန်းက သူဟာ ထောက်ခံမဲ ၇ သောင်းလောက် ရခဲ့ဖူးပါတယ်။ 

​ဝက်စ်ဟာ ထရမ့်နဲ့ ရင်းနှီးသူ တစ်ဦးဖြစ်ပြီး အခု သီတင်းပတ် အစောပိုင်းတုန်းက ဖလော်ရီဒါမှာရှိတဲ့ ထရမ့်ရဲ့ ကိုယ်ပိုင် ဂေါက်ကလပ်မှာ လူဖြူ အစွန်းရောက် အမျိုးသား ဝါဒီ တစ်ဦးဖြစ်တဲ့ နစ်ခ် ဖန်းတက်စ်နဲ့အတူ ရောက်ရှိနေတာ တွေ့ခဲ့ရပါသေးတယ်။ 

ဝက်စ်က သူဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆွယ်မှုတွေ စတင်တဲ့အချိန် အရမ်း နောက်ကျခဲ့တာမျိုး ထပ်မကြုံအောင် ၂၀၂၄ ခုနှစ်အတွက် အစီအမံတွေမှာ သေချာ ပြင်ဆင်သွားမယ်လို့လည်း ပြောကြားထားပါတယ်။