ဘရာဇီးက စာသင်ကျောင်း နှစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး သုံးဦးသေ၊ တစ်ဒါဇင်ကျော် ဒဏ်ရာရ 

ဘရာဇီး နိုင်ငံက စာသင်ကျောင်း နှစ်ခုမှာ သေနတ်သမား တစ်ဦးက ဝင်ရောက် ပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ 

ဘရာဇီး နိုင်ငံ အရှေ့တောင်ပိုင်း၊ အက်စ်ပီရီတို ဆန်တို ပြည်နယ်က မြို့ငယ်လေး အရာခရုဇ်က ကျောင်းနှစ်ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အလယ်တန်းထိ သင်ယူနိုင်တဲ့ အစိုးရကျောင်း တစ်ကျောင်းနဲ့ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းကို ဆီမီးအော်တိုမက်တစ် ပစ္စတိုသေနတ် ကိုင်ဆောင်ပြီး ကျည်ကာအင်္ကျီ ဝတ်ထားတဲ့ လူငယ် တစ်ဦးက ဝင်ရောက် ပစ်ခတ်ခဲ့တာပါ။ ကျောင်းနှစ်ခုစလုံးက လမ်းတစ်လမ်းတည်းမှာ ရှိနေတာ ဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်မှာ သင်ကြားရေး ဝန်ထမ်းနှစ်ဦးနဲ့ ကျောင်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေနတ်သမားရဲ့ နာမည်ကို မထုတ်ပြန်ပေမယ့် အသက် ၁၆ နှစ် အရွယ်ရှိပြီး အစိုးရကျောင်းမှာ ပညာ သင်ကြားဖူးတဲ့ ကျောင်းသားဟောင်း တစ်ဦးလို့ ဆိုပါတယ်။ သူ့ကို ရဲတွေက ဖမ်းဆီးထားပြီးပြီလို့ အက်စ်ပီရီတို ဆန်တို ပြည်နယ် အုပ်ချုပ်ရေးမှူး ရီနာတို ကာဆာဂရန်းက ထုတ်ပြန်ပါတယ်။ 

ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ သေနတ်ကို တရားခံ လူငယ်ရဲ့ ဖခင်က ပိုင်ဆိုင်တာလို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။ သူ့လက်ချက်ကြောင့် ၃ ယောက် သေတဲ့အပြင် ၁၃ ယောက် ဒဏ်ရာရခဲ့ကြောင်း၊ အဲဒီထဲမှာ ကလေး ၂ ဦး အပါအဝင် ၆ ဦးက ဆေးရုံ တက်နေရဆဲဖြစ်ကြောင်းလည်း သိရပါတယ်။ 

စာသင်ကျောင်းတွေထဲမှာ ဘာကြောင့် ဝင်ရောက် ပစ်ခတ်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ဆက်လက် စုံစမ်းနေဆဲပါ။ ဘရာဇီးမှာ ကျောင်းတွင်း ပစ်ခတ်မှုတွေက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေလို့ သတ်မှတ်နိုင်ပေမယ့် မကြာသေးခင် နှစ်ပိုင်းတွေအတွင်းမှာတော့ အရင်ကထက်စာရင် ဒီလို ကိစ္စတွေ ပိုမို ကြုံတွေ့လာနေကြောင်းလည်း သိရပါတယ်။