ပြည်သူချစ်တဲ့ နိုင်ငံကျော်စာရေးဆရာ အကြည်တော်ရဲ့နာရေးကို လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီး စာပေအသိုင်းအဝိုင်းက မိတ်ဆွေတွေနဲ့ သူ့ကိုချစ်တဲ့ ပရိသတ်တွေနောက်ဆုံးနှုတ်ဆက်ဂါရဝပြုနိုင်အောင်စီစဥ်ထားတယ်လို့ နာရေးမှာကူညီပေးနေတဲ့မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၃ နာရီက ၄ နာရီအထိ ရန်ကုန်၊ ရေဝေးသုသာန်ရဲ့ ခန်းမဆောင် ၁(က) မှာ နှုတ်ဆက်ဂါရဝပြုကြမှာဖြစ်ပြီး အဲဒီနောက်မှာ စာရေးဆရာအကြည်တော် ကိုဂူသွင်းသင်္ဂြိုလ်မှာဖြစ်တယ်လို့ ရုပ်အလောင်းကိုသယ်ဆောင်ကူညီပေးမယ့် သုခကာရီ လူမှုကယ်ဆယ်ရေး အဖွဲ့ကပြောပါတယ်။
စာရေးဆရာအကြည်တော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုမှုခံယူပြီးနောက် မြန်မာပြည်ပြန်ရောက်ချိန်မှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း နိုဝင်ဘာ ၉ ရက်ညပိုင်းမှာနှလုံးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပါတယ်။
စာရေးဆရာအကြည်တော်ဟာဆိုရင် မြန်မာစာပေလောကမှာ ဟာသစာပေတခေတ်မှာ တယောက်လို့ ဆိုစမှတ်ပြုနိုင်တဲ့အထိအောင်မြင်တဲ့ဟာသလုံးချင်းစာအုပ်တွေကိုရေးသားခဲ့ပြီး ဇာတ်ညွှန်းတွေလည်းရေးခဲ့သလို သူ့စာအုပ်တွေကို ရုပ်ရှင်အဖြစ်လည်းပြန်လည်ခံစားရာမှာလည်း အောင်မြင်မှုရခဲ့သူဖြစ်ပါတယ်။
”ဒုက္ခဆိုတာ နောင်တချိန်မှာဖြစ်လာမယ့်ဟာသပါပဲ” ဆိုတဲ့ သူ့စာအုပ်ပါ စာသားလိုပဲပရိသတ်တွေကိုဟာသစာအုပ်တွေနဲ့ ဘဝအမောပြေစေခဲ့တဲ့ စာရေးဆရာအကြည်တော်ဟာကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်ရှိပြီဖြစ်ပြီး စာပေအသိုင်းအဝိုင်းကမိတ်ဆွေတွေနဲ့ သူ့ပရိသတ်တွေရဲ့ နှမြောတသမှုတွေကိုလည်း လူမှုကွန်ရက်တွေပေါ်မှာမြင်တွေ့နေရဆဲဖြစ်ပါတယ်။