“မြန်မာ့သတ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မအလ”
ထိုစာတန်းထိုးထားသည့်အခန်းတံခါးအား တွန်းဖွင့်ကာ ဇော်မဲလုံးတစ်ယောက် ခပ်သုတ်သုတ်ဝင်သွားသည်။ ခပ်သုတ်သုတ်ဆိုသော်ငြားလည်း ဖင်လေးတစ်ခြမ်းစောင်းဖြင့် နွဲ့ကာနွဲ့ကာ သွားရခြင်းဖြစ်သည်။
စားပွဲရှေ့အရောက် သတိဆွဲ၊ အလေးပြုကာ ပါးစပ်ကလည်း “အဘ ကျွန်တော် ရောက်ပါပြီ”ဟု အသိပေးလိုက် သည်။ စားပွဲနောက် ထိုင်ခုံပေါ်တွင် ထိုင်နေသည်လား၊ ထနေသည်လား မသဲကွဲသော လူပုတက်တစ်ယောက်ရှိ နေပြီး ထိုသူက ခေါင်းကို ညိတ်ကာ တစ်ဆက်တည်း မော့ကြည့်သည်။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ ငမဲလုံး”
“ဘာလို့လဲ အဘ။ သား ဘာအမှားလုပ်မိလို့လဲ။ သားက စအိုကင်ဆာဖြစ်နေလို့လေ။ အဲဒါ နံနံခြားမှာ သွားပြီး ဆေးကုပြီး အခုမှ ပြန်လာခါစရှိသေးတာလေ။ သား ဘာမှမသိဘူးလေ”
ဇော်မဲလုံးသည် ပါးစပ်ကလည်းပြော ဖင်လေးကိုလည်း တခါခါတရမ်းရမ်းလုပ်ပြလိုက်သေးသည်။ ထိုအခါ သတ်ချုပ်မအလ၏ အကြည့်များက ဇော်မဲလုံး၏ တင်ပါးဆီသို့ ရောက်သွားသည်။ ထိုအကြည့်များ မိမိထံရောက် လာပြီးနောက် ဇော်မဲလုံးလည်း မလုံ့တလုံဖြစ်ကာ ဖင်ကို လက်ဝါးဖြင့် အမြန်ပြေးအုပ်ရသည်။
“ဘာဟုတ်ရမတုန်း။ မင့်ဆီက သတင်းထုတ်ပြန်ချက်တွေလေ။ တစ်ခုမှ သောက်ချိုးမပြေဘူး။ ပိပိရိရိလိမ်ပါလို့ ငါအတန်တန်ပြောနေတဲ့ကြားက ဟောဒီမှာ ကြည့်စမ်း”
သတ်ချုပ်မအလ ဒေါနှင့်မောနှင့်ပြောလျက် သူ့လက်တွင်းမှ စာရွက်ခေါက်အား ဇော်မဲလုံးရှေ့သို့ ပစ်ပေးလိုက် သည်။
“ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်အား ပစ်ခတ်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ”ဆိုသော ခေါင်းစီးဖြင့် လူပုံများပါသည့် စာရွက်အား ဇော်မဲလုံးဖြန့်ကာကြည့်လိုက်သည်။
“တွေ့ပြီလား မင်းလုပ်ရပ်။ ဘာတွေ လုပ်ထားသလဲဆိုတာ”
မအလပစ်ပေးသော စာရွက်ကို ဖြန့်သာကြည့်ရသည် ဘာအပြစ်ဖြစ်၍ ဘာ့ကြောင့် ခေါ်ဆူခံနေရသည်ကို ယခုထိ ဇော်မဲလုံး မသိသေး။ သည်အခြေအနေကို ရိပ်မိသော မအလက သူ့အရှေ့သို့ လက်ကိုင်ဖုန်းကိုပါ ပစ်ပေးလိုက်ပြန် သည်။
“ရော့ … အဲဒီမှာ ဘာတွေပြောထားသလဲ ဖတ်ကြည့်”
မအလပစ်ပေးလိုက်သော ဖုန်းစခရင်ပေါ်တွင် မိမိလက်အတွင်း စာရွက်ထဲမှ ဓာတ်ပုံရှင်များပါသည့်ပုံတစ်ပုံနှင့် အတူ Post တစ်ခု တင်ထားသည်ကို တွေ့လိုက်ရသည်။ ထို Post နှင့်အတူ Comment ထဲမှ စာများအား ဇော်မဲလုံး သေချာလိုက်ဖတ်သည်။
“ဒီမှာလာကြည့်ကြဟေ့ ထောင်ထဲက လူနဲ့ သေပြီးလူတွေက မစ်ရှင်လုပ်တာတွေ စကစ ထုတ်ရှိူးနေပြီဟေ့။ သောက်ဆန်းကြီး … သောက်ဆန်းကြီး”
“စကစက Next level ကို ကျော်သွားပြီ”
“အံ့သြပါ့ ကမ္ဘောဇမဟုတ်တော့ဘူး။ အခုက အံ့သြပါ့ စကစဖြစ်သွားပြီ။ သေလူတွေ၊ ဖမ်းခံထားရသူတွေ အပြင်မှာ မစ်ရှင်လုပ်နေကြပြီ”
“ထောင်ထဲရောက်နေတဲ့ ဒေါက်တာအေးဇံကို စွပ်စွဲတာလောက်တော့ သနားတယ်တဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က သေသွားပြီးဖြစ်တဲ့ တပ်မဟာမှူးတောင် အမှုထဲ အတင်းစွဲထည့်ထားသေးတာလေ”
ထိုသို့ရေးထားသော စာများအား ဖတ်လိုက် မျက်မှောက်ကြုတ်လိုက်၊ မျက်လုံးကို ပွတ်လိုက်၊ ဖင်ကုတ်လိုက်၊ ခေါင်းကုတ်လိုက်၊ မအလကို ခိုးကြည့်လိုက်ဖြင့် ဇော်မဲလုံးတစ်ယောက် အတော်အလုပ်ရှုပ်နေသည်။ ဖင်စအိုနာ ဖြစ်တာမှ မကြာသေး ထိုင်ခုံပါ ပျောက်မယ့်အရေးကြုံနေရပြီမို့ အလင်းထက်အဆပေါင်းများစွာမြန်သောနှုန်းဖြင့် ဦးနှောက်ကိုလည်း အလုပ်ပေးလျက်ရှိသည်။ ထိုစဉ် –
“ပြောစမ်းပါဦးကွ ထောင်ထဲ ထည့်ထားတဲ့ ဒေါက်တာအေးဇံက ဘယ်လိုကနေ ဘယ်လို ကျိုက်ထီးရိုးပစ်ခတ်မှုမှာ ဦးဆောင်ပါဝင်နေရတာလဲ”
မအလသည် စားပွဲနောက် သူ၏ ထိုင်ခုံပေါ်တွင် ထိုင်နေသည်လား၊ ထနေသည်လားမသဲကွဲသော ပုံစံဖြင့် မျက်မှောင် ကြီးကြုတ်လျက် နှုတ်ခမ်းကြီးကိုလည်း အစွမ်းကုန် စူထားလိုက်သေးသည်။ အခုမှပဲ စူစူအစစ်ကို တွေ့ဖူးတော့ သည်။
“ဒီလိုရှိပါတယ် အဘ။ ဟိုလေ … ဟို သူတို့မှာ အစွမ်းထက်တဲ့ ဂါထာမန္တန်တွေရှိပုံရပါတယ် အဘ။ အဲဒီနေ့ဖြစ်စဉ် မဖြစ်ခင်လေးမှာပဲ ဒေါက်တာအေးဇံက ထောင်ထဲကနေ ဂါထာအစွမ်းနဲ့ ‘အပ်ချလောင်း’ဆိုပြီး သူ့လူတွေဆီ မြေ လျှိုးမိုးပျံသွား။ သူ့လူတွေနဲ့ စည်းဝေးတိုင်ပင်ရုံတင်မက သူ့လူတွေကို ပစ်နည်း၊ ခတ်နည်းတွေပါ လေ့ကျင့်ပေး၊ ပစ် ခတ်တိုက်ခိုက်ဖို့ ပလန်တွေပါ ဆွဲပေးပြီးတော့မှ ဘယ်သူမှ မသိအောင် ဂါထာမန္တန်အစွမ်းနဲ့ပဲ ‘အပ်ချလောင်း’ ဆိုပြီး ထောင်ထဲ ပြန်ဝင်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ် အဘ”
“သြော် …. အေး … အေး … အေး။ သူ့အိမ်ပြန်ပြီး မိသားစုတွေ ဘာတွေနဲ့တွေ့။ ထမင်းတွေဘာတွေရော လမ်းကြုံ ဝင်စားခဲ့သေးသလား။ သူ့ဝန်ကြီးချုပ်နေရာကိုရော ပြန်ယူသွားသေးလားဟ။ မင့်နှယ် ငါ့များ မအဘူးများထင်နေ သလား”
ဇော်မဲလုံးသည် မအလ၏ ထေ့ငေါ့သည့် အမေးစကားအပေါ် ခွန်းတုံ့ပြန်ခြင်းမပြုဘဲ မျက်လုံးလေး ပေကလပ် ပေကလပ်သာ လုပ်၍ ရူးချင်ယောင် ဆောင်နေတော့သည်။ ထိုအခါ မအလကပင် စကားကိုဆက်သည်။
“အဲဒါဆို သေသွားပြီဖြစ်တဲ့ တပ်မဟာမှူးနဲ့ လွှတ်တော်အမတ်တွေကရော ဘယ်လိုက ဘယ်လို ပါလာတာလဲ။ သူ တို့က တကယ်မသေဘဲ သေချင်ယောင်ဆောင်ပြီး အခွင့်သာတော့မှ ဒီမစ်ရှင်မှာပါဝင်ခဲ့ကြတာလား။ ဒါမှမဟုတ်…”
ဒီတစ်ကြိမ်တွင်လည်း မအလ၏ စကားပင်မဆုံးသေး ဇော်မဲလုံးက အလင်းထက်မြန်သော အမြန်နှုန်းဖြင့် ဦးနှောက် အား အလုပ်ပေး၍ ကြားဖြတ်ကာဝင်ဖြေသည်။
“သူတို့က တကယ်သေသွားကြသူတွေပါ အဘ။ ခုဏက ပြောသလိုပဲ။ သူတို့မှာလည်း အစွမ်းထက် ဂါထာ၊ မန္တန်တွေ ရှိလို့နေမှာပေါ့။ သေရွာကနေ ပြန်လာလို့ ရတဲ့ ဂါထာမျိုးလေ။ ဂါထာရွတ်လိုက်ရင်ပြန်ရှင်လာပြီး လူ့ပြည်မှာ သူတို့ လုပ်စရာရှိတာတွေလုပ်။ ပြီးတော့မှ ဂါထာအစွမ်းနဲ့ပဲ ‘အပ်ချလောင်း’ဆိုပြီး ပြန်သေဆိုတာမျိုးပေါ့”
“သြော် …. အေး … အေး … အေး။ သူတို့ရော သူတို့အိမ်တွေ ဘာတွေ လမ်းကြုံဝင်မသွားကြဘူးလား။ မင့်နှယ် ငါ့များ မအဘူးများထင်နေသလား”
“ဒါနဲ့ အခုငါ့ရှေ့ရောက်နေတဲ့ မင်းကရော ဧကန်စစ်စစ်သက်ရှိထင်ရှားငမဲလုံးရော ဟုတ်ရဲ့လား။ ဆေးသွားကုရင်း သေရာကနေ ဂါထာအစွမ်း၊ မန္တန်အစွမ်းနဲ့များ ငါ့လာတွေ့နေတာများလား။ သေပြီးမှ ‘အပ်ချလောင်း’ ဆိုပြီး ရောက် လာခဲ့တာများလား”
“အာ…အဘကလည်း ကြံကြံဖန်ဖန်။ လူအစစ်ပါ အဘရဲ့ မယုံရင်လာ ဆိတ်ဆွဲကြည့်ပါလား။ အဲ့လိုဂါထာမန္တန်တွေ က သူတို့ဆီမှာပဲရှိတာ ကျွန်တော်တို့ဆီမှာ မရှိဘူးလေ။ သူတို့ဘက်က ဘယ်လောက်ထိစွမ်းသလဲဆို ဟို … အဘ မြေးလောက်ရှိတဲ့ ဗေဒင်ဆရာလေးလင်းညှို့တာရာကိုတောင် အဘကြောက်လို့ မရမကဖမ်းပြီး ထောင်ချထားခဲ့ သေး မဟုတ်လား။ ကျွန်တော်တို့ ဆီမှာ သံဃာလေးသိန်းကို စျေးဗန်းခင်းတဲ့ ကိုယ်တော်၊ ဝစီပိတ်ဆိုပြီး ပါးစပ် မပိတ်တဲ့ ကိုယ်တော်၊ ဂူအောင်းကိုယ်တော်နဲ့ ငါ့ပြည်သူတွေကို စိုးရိမ်လို့ဆိုပြီး သူ့ဟာသူပြန်စိုးရိမ်နေရှာတဲ့ ကိုယ်တော်တွေပဲရှိတဲ့ဟာလေ ဘယ်မှာသွား ရှိမတုန်း အစွမ်းထက်ဂါထာမန္တန်”
ဇော်မဲလုံးစကားများက မအလ၏ အရှိုက်တည့်တည့်သို့ ထိမှန်လေသည်။ ထိုစကားများ ကြားပြီးနောက် မအလ မျက်နှာကြီး ညိုမှောင်တွန့်လိမ်သွားသည်။ ပြောပြီးကာမှ သူ့စကားလွန်သွားပလားဆိုသည့်စိုးရိမ်စိတ်ဖြင့် ဇော်မဲလုံး တစ်ယောက် မအလအား အသာချောင်းကြည့်သည်။
မအလက သူ့မေးစေ့ကို လက်ဖြင့်ပွတ်သပ် စဉ်းစားဟန်ပြုနေသည်။ တစ်ချိန်တည်းမှာပဲ ဇော်မဲလုံးအား သူ့အခန်းထဲ မှ ထွက်သွားရန် လက်ဟန်ဖြင့်ပြလျက် အချက်ပေးလိုက်သည်။ ဇော်မဲလုံးလည်း ကျားရှေ့က သမင်သဖွယ် အပြေး တစ်ပိုင်းဖြင့် လစ်ထွက်သွားတော့သည်။
ဇော်မဲလုံး အခန်းပြင်ရောက်သည်နှင့်တစ်ပြိုင်နက် မအလသည် ဖုန်းခွက်အား ကောက်ကိုင်ကာ တစ်နေရာသို့ ဖုန်းခေါ်လိုက်သည်။ ခဏအကြာ –
“အေး … ငါပြောတာ သေချာလိုက်မှတ်။ အခုဇော်မဲလုံးက အရင်က ဇော်မဲလုံးမဟုတ်တော့ဘူး။ ဒီကောင်က စအို ကင်ဆာနဲ့ သေသွားပြီးမှ ဂါထာမန္တန်အစွမ်းနဲ့ ငါတို့ဆီ ပြန်ရောက်လာတာ။ ဒီကောင့်မျက်နှာ အရက်ထက်ပိုမည်း နေတယ်။ သေချာတယ်။ ဒီကောင် မသာ။ ဒီကောင်ဖရဲသီး။ ဒီကောင့်ကို ဖမ်းချုပ်ပြီး စစ်ကြောရေးမှာ သေချာစစ် မေး။ အဓိကစစ်မေးရမှာက ထောင်ထဲကနေ ထောင်ပြင်ရောက်စေတဲ့ ဂါထာ၊ သေသူတွေကို ပြန်ရှင်၊ ပြန်အသက်ဝင် စေတဲ့ မန္တန်ကို ရအောင်ယူဖို့ပဲ။ ဟုတ်ပလား”
ထို့နောက် မအလသည် ဖုန်းခွက်ကိုချကာ စကားတစ်ခွန်းကိုလည်း တီးတိုးပြောဆိုလိုက်သည်။
“ငါ့များ မအဘူးများထင်နေသလား ငမဲလုံးရယ် … အ ဟင်း ဟင်း ဟင်း”