နျူကလီးယား စမ်းသပ်နိုင်ခြေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားကို မဟာမိတ် သုံးနိုင်ငံ သတိပေး

နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု တစ်ခုသာ ပြုလုပ်ခဲ့မယ်ဆိုရင် တွေးတောင် မတွေးမိဖူးတဲ့ တုံ့ပြန်မှုမျိုးတွေ ကြုံလာရစေမယ်လို့ အမေရိကန်နဲ့ အာရှ မဟာမိတ်တွေက မြောက်ကိုရီးယားကို သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။ 

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ မြောက်ကိုရီးယား အနေနဲ့ နိုင်ငံရဲ့ ၇ ကြိမ်မြောက် နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှုအတွက် ပြင်ဆင်နေတယ်လို့ ယုံကြည်နေကြပါတယ်။ အောက်တိုဘာ ၂၆ ရက်ကတော့ မဟာမိတ် ၃ နိုင်ငံရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ပူးတွဲ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ အသုံးပြုနိုင်ခြေ မြင့်တက်လာတာကို တားဆီး တုံ့ပြန်နိုင်အောင် ကာကွယ်ရေး အစီအမံတွေ ပူးပေါင်း မြှင့်တင်ဖို့ ၃ နိုင်ငံ မဟာမိတ်တွေ ညှိနှိုင်း သဘောတူခဲ့ကြောင်း တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်ဒေါင်က ပြောပါတယ်။ 

မြောက်ကိုရီးယားရဲ့ နျူကလီးယား အားကိုးချင်တဲ့ မူဝါဒဟာ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေကို အစဉ်တစိုက် မြှင့်တင်ရာ ရောက်နေတယ်လို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချိုက စွပ်စွဲသွားခဲ့ပါတယ်။ သူဟာ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှာမန်၊ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး တာကီရို မိုရီတို့နဲ့ တွေ့ဆုံပြီး ကာကွယ်ရေး အစီအမံတွေအတွက် ညှိနှိုင်းတိုင်ပင်ခဲ့တာ ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားဟာ အခုနှစ် တစ်နှစ်တည်းမှာတင် ပဲ့ထိန်းဒုံးကျည် သီးသန့် စမ်းသပ်ပစ်ခတ်မှု အကြိမ် ၂၀ ကျော် လုပ်ဆောင်ခဲ့ပါတယ်။ ဒီအရေအတွက်မှာ တခြားအမျိုးအစား ဒုံးကျည် ပစ်လွှတ်မှုတွေကို ထည့်တွက်မထားသေးပါဘူး။ မြောက်ကိုရီးယားဟာ အရင်ကတည်းက ဒုံးကျည်စမ်းသပ်မှုတွေ ရှိခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ သိသိသာသာ အရှိန်မြှင့်လာတာကိုလည်း တွေ့ရပါတယ်။ 

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှာမန်ကလည်း မြောက်ကိုရီးယားရဲ့ စစ်လိုလားတဲ့ လုပ်ရပ်တွေဟာ တာဝန်ယူမှုကင်းမဲ့ပြီး ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားစေတဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ ဝေဖန်ရှုတ်ချသွားပါတယ်။ နောက်ပြီး ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာလည်း ဒုတိယ ကမ္ဘာစစ်ကာလက ဖြစ်ပွားခဲ့တဲ့ သမိုင်းကြောင်းဆိုင်ရာ အငြင်းအခုံတွေကို မေ့ဖျောက်ထားပြီး လက်ရှိ ခြိမ်းခြောက်မှုအပေါ် အာရုံစိုက်သွားမယ်လို့လည်း ရှာမန်က အရိပ်အမြွက် မှတ်ချက် ပေးခဲ့ပါတယ်။ 

သုံးနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြောက်ကိုရီးယားကိစ္စအပြင် ယူကရိန်းစစ်ပွဲမှာ နျူကလီးယားနဲ့ တိုက်ခိုက်နိုင်ကြောင်း အရိပ်အယောင်ပြ ခြိမ်းခြောက်နေတဲ့ ရုရှားကိုလည်း ပူးတွဲ ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် မဟာမိတ် ၃ နိုင်ငံဟာ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တို့မှာ တရုတ်ရဲ့ ရေကြောင်းသွားလာမှုတွေကို စောင့်ကြည့်ဖို့၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ တတိယ ၅ နှစ် သက်တမ်းမှာ ထိုင်ဝမ်အရေးကို ပိုမို အာရုံစိုက်ကြဖို့လည်း သဘောတူခဲ့ကြကြောင်း သိရပါတယ်။