ပဲခူးတိုင်း(အနောက်ခြမ်း) သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က နှစ်ဦးသေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(MRF-Nattalin)က ထုတ်ပြန်ပါတယ်။
နတ်တလင်းမြို့နယ်ထဲက ကရင်ဆင်ဆွဲကျေးရွာနဲ့ ကြက်မနက် ကျေးရွာတို့ကြားမှာအောက်တိုဘာ (၁၁)ရက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဟာ မနက် ကိုးနာရီဝန်းကျင်ကနေ နေ့လယ် နှစ်နာရီဝန်းကျင်အထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကူထပ်ရောက်လာတာကြောင့် စစ်ကူကိုလဲ လမ်းတဝက်မှာ ဆက်လက်ဖြတ်တောက်တိုက်ခိုက်ခဲ့ပါ သေး တယ်”လို့ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ကရင်ဆင်ဆွဲကျေးရွာထဲမှာ တပ်စွဲထားတာဖြစ်ပြီး အဲဒီစစ်ကြောင်းကိုဒေသတွင်း ပူးပေါင်း တပ်ဖွဲ့ နှစ်ဖွဲ့က နှစ်ရက်အတွင်း လေးကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ သူကဆိုပါတယ်။
ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဟာ အောက်တိုဘာ (၁၁)ရက်နဲ့ (၁၂)ရက်တွေမှာ စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုကို ဆက်လက် စုံစမ်းအတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုတွေကို နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MRF-Nattalin) နဲ့Phoenix DF ပူးပေါင်း တပ်ဖွဲ့တွေကလုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေဆက်လက်ပြင်းထန်နိုင်တဲ့အလားအလာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။နတ်တလင်းမြို့ ကရင်ဆင်ဆွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကိုအခုလ ကိုးရက် နေ့ကလည်း နတ်တလင်းပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီက လေးဦးသေပြီး ခုနစ်ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။