ဖွတ်ညီလာခံ

‘ဖွတ်ညီလာခံ ကျင်းပပြီ’ဆိုတဲ့အသံဟာ တိရစ္ဆာန်လောကမှာ သောသောညံစေပါတယ်။ပွက်လောရိုက်စေပါတယ်။ပွက်လောမရိုက်ဘဲနေမလား။ မဆူညံပဲနေမလား။ အဲဒီညီလာခံမစခင်ကတည်းက ဖွတ်တို့လောကမှာတိုးတိုး တစ်မျိုး၊ အကျယ်အကျယ်တစ်ဖုံနဲ့ ဖွတ်တို့ရဲ့အရှင်သခင်၊ ဖွတ်တို့ရဲ့ ဦးသျှောင် ဖွတ်မင်းဟောင်ရဲ့အပုတ်နံ့တွေက ထွက်လာနေတာကိုးဗျ။

ဖွတ်မင်းဟောင်ဆိုတာ ဖွတ်ပါတီမှာ နေရာရလာပြီးကတည်းက ဟိုနေရာမှာလည်းဟောင်ဖွာဟောင်ဖွာလုပ်၊ ဒီနေရာမှာလည်း ဟောင်ဖွာဟောင်ဖွာလုပ်နဲ့ ဂုတ်ကြားကတောင်အရှုံးပေးရတဲ့အထိ ဟောင်ခဲ့သူ။ ဒါကြောင့်လည်း သူ့နာမည်ရင်းပျောက်ပြီး အခုဖွတ်မင်းဟောင်ဆိုတဲ့နာမည်တွင်နေခဲ့တော့တာပေါ့။

သူ့ဆီမှာ နောက်ထပ် နာမည်တစ်ခုလည်း ရှိသေးတယ်။ ဖျာလိပ်ထမ်းပြေး မောင်ကန်းလေးတဲ့။ဖျာခင်းရမယ့်ပွဲ ဆိုတာနဲ့ ဖျာလိပ်ကြီးထမ်းပြီး ရှေ့ဆုံးက ပြေးလွန်းလို့ တွင်လာတဲ့နာမည်ပဲ။ဖျာလိပ်သာထမ်းပြေးတာ မျက်လုံးက ကြောင်တောင်ကန်းဆိုတော့ သူ့ခမျာနေရာမရရှာပါဘူး။ ဒီတော့ဖျာလိပ်လေးထမ်းပြီး နောက်တစ်ပွဲကို စောင့်ရ တော့တာပေါ့။ ဒီလိုနဲ့ ဒီနာမည်တွင်ပြန်တာပေါ့။ဟော…အခုလည်း နောက်တစ်ပွဲကို ဖျာလိပ်လေးထမ်းပြီးစောင့်နေရှာပေမယ့် သူ့နေရာဖွတ်ငလည်တစ်ကောင်က တက်ဦးသွားပြန်ပေါ့။ အခုဖွတ်ညီလာခံကို ကျင်းပရတာလည်း အဲဒီ့လိုနေရာလာဦးသူကြောင့်ပေပဲ။ နေရာလာဦး သူကြောင့် ညီလာခံလုပ်ရတယ်ဆိုတာ နေရာကိုပြန်လုဖို့မဟုတ်ဘဲ နေရာဦးသူကို မငြိုမငြင်ချင်ယောင်ဆောင်လို့ နှစ်လိုဖွယ်အပြုံးနဲ့ကျေနပ်သယောင်အထာဖမ်းလို့ ထိုင်ခုံနေရာ လက်ကမ်းပေးရမှာမို့ပါပဲ။ မပေးလို့လည်း မရဘူး လေဒီတောတစ်ခွင်မှာ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ လဒကြီးမအလကို ဖွတ်တွေက ချေးစိမ်းပန်းအောင်ကြောက်ရတာကိုး။ (ချေးတောင် အစိမ်းပန်းတဲ့ကောင်တွေပါလေ။)

ကဲ…ကဲ ပြောရင်း၊ ဆိုရင်းနဲ့ပဲ ‘ဖွတ်ညီလာခံကြီး’စပါပြီ။

စောစောကမိတ်ဆက်ပေးခဲ့တဲ့ ဖွတ်တို့ရဲ့အရှင်သခင်၊ ဖွတ်တို့ရဲ့ ဦးသျှောင် ဖွတ်မင်းဟောင်ကြီးမျက်ရည်လေး စမ်းစမ်း…စမ်းစမ်းနဲ့ စင်မြင့်ပေါ်တစ်လှမ်းချင်း တက်လှမ်းလာပါတယ်။မိုက်စင်နားအရောက်မှာ ရှေ့ဝိတ်ကြီးပြီး မှောက်လျားထိုး လဲပါတယ်။ လဲမှာပေါ့ သူ့ဖွားဘက်တော်နေမကောင်းလို့ ပြီးခဲ့တဲ့လပိုင်းကမှ ခွဲစိတ်ထားရတာကိုး။ ဒါကြောင့်ပဲ ပါတီကို မလာနိုင်၊ ပါတီညီလာခံမကျင်းပနိုင်ဘူးလို့လည်း သူအကြောင်းပြထားသေး မဟုတ်လား။

မှောက်လျားထိုးလဲရာကနေ ကသောကမျောထလို့ မိုက်ရှိရာဆီသွားကာ “သားမှားပြီး မှားပြီမေမေရဲ့”ဆိုတဲ့ သီချင်း ကို မှားဆိုပြန်ပါတယ်။ ခဏအကြာ သတိပြန်ဝင်လာပြီးကပြာကရာရပ်လိုက်ပါတယ်။ အယောင်ယောင် အမှားမှား နဲ့ စင်ပေါ်က ပြန်ဆင်းမယ်လုပ်လို့သူ့တပည့်ကျော်ဖွတ်ပါတီဝင်တွေက မနည်းပြန်တွန်းတင်ပေးလိုက်ရပါတယ်။ အဲဒီ့တပည့်ကျော်တွေကဖွတ်ပါတီရဲ့ အရောက်ပို့ကော်မတီဝင်တွေလည်းဖြစ်ပါတယ်။

ဒီတော့မှ စကားပြောစင်မြင့်ဆီသွား၊ မိုက်ကို ကျကျနနကိုင်လို့ “ငါမဆင်းချင်တာကိုအတင်းဆွဲချလိုက်ကြတဲ့ ငါအရိုးမသားမအလတွေ”လို့ တစ်ခွန်းတည်း ပစ်ပစ်နှစ်နှစ်ဆဲရေးလိုက်ပါတယ်။ ဒါဟာ အပြင်မှာ တကယ်ထုတ် ဆဲလိုက်တာတော့ မဟုတ်ပါဘူး။ စိတ်တွင်းကနေဆဲဆိုလိုက်တာပါ။ အပြင်မှာတကယ်ဆဲရင် လဒကြီးမအလနဲ့ တွေ့သွားမှာပေါ့။ လဒကြီးမအလကိုဖွတ်တွေက ကြောက်ရတယ်လေ။

သူတကယ်ထုတ်ပြောလာခဲ့တာကတော့ -“လေးစားချစ်ခင်ရပါသော ညီလာခံကိုယ်စားလှယ်ဖွတ်မင်းကြီးများခံဗျား”နဲ့ စပါတယ်။အဲဒီနောက်တော့ ဖွတ်ပါတီ အတွင်းက သွေးခွဲသပ်လျှိုခံရမှုတွေကို ထုတ်ပြောပါတယ်။ ပြောရရင်သူဖြုတ်ထုတ်သတ်အလုပ်ခံရတာကို အခဲ မကျေလို့ သွယ်ဝိုက်ပြောတာပါပဲ။

သူ့လို ဦးသျှောင်နေရာကနေ သက်တမ်း ငါးနှစ်ကျော်တဲ့အထိ ထိုင်ခုံမှာခွထိုင်ပြီး ပါတီငွေကြေး၊ပြည်သူ့ဘဏ္ဍာ အဆီအနှစ်တွေကို ထိုင်စားလာခဲ့တဲ့အပေါ် မနာလိုဝန်တိုဖြစ်ကြတဲ့ အခြားအခြားသောပါတီဗဟိုကော်မတီဝင်တွေ၊ သာမန်ပါတီဝင်တွေ ရှိနေကြောင်းလည်း အရိပ်အမြွက် ထုတ်ပြောပါတယ်။မစားရတဲ့အမဲ သဲနဲ့ပတ်ဆိုတာတွေနဲ့ ခိုင်းနှိုင်းပါတယ်။

နောက်တစ်ခါ ကိုယ်ရေးကိုယ်တာနဲ့ ပါတီ၊ ပါတီနဲ့ နိုင်ငံ ယှဉ်လာရင် ဘလာ…ဘလာ…ဘလာတွေပွားပါတယ်။ ထုံးစံအတိုင်း ပွားနေရင်းက ထထဟောင်ပါသေးတယ်။ အဲဒီ့လိုဟောင်တဲ့အထဲသူ့နေရာတက်လုတဲ့ ပါတီဦးသျှောင် အသစ်ကျပ်ချွတ်ကြီးကို မထိခလုတ်ထိခလုတ်မမီမကမ်းလှမ်းလှမ်းချိတ်ပြီး ဟောင်ပါတယ်။ လှမ်းကိုက်ပါတယ်။

ဒီ့နောက်တော့ သူအခုလို ဖွတ်ပါတီဦးသျှောင်နေရာကနေ နုတ်ထွက်ရတဲ့ အကြောင်းပြချက်တွေကိုထုတ်ပြော ပါတယ်။ အဲဒီအချက်တွေထဲ တိရစ္ဆာန်ရွေးကောက်ပွဲမှာ ဖွတ်တွေကို နိုင်အောင်မလုပ်ပေးနိုင်လို့ဆိုတဲ့ အချက် ပါဝင် လာပါတယ်။ဒီအချက်ကို သူထုတ်ပြောလိုက်တာဟာ သူတို့ချေးစိမ်းပန်းအောင်ကြောက်ရတဲ့ လဒကြီးနဲ့ငြိပါတယ်။လဒကြီးက ရွေးကောက်ပွဲဟာ မဲမသမာလို့ဆိုပြီး အကြောင်းပြထားတာကိုး။ ပထွေးမျက်ခွက်နွားချေးနဲ့ပတ်လိုက်တာပါပဲ။ စကားကျွံ နုတ်မရဆိုတဲ့အတိုင်း လဒကြီးဘက်က ချွေးသံတရွှဲရွှဲနဲ့လိမ်ခဲ့၊အသက်နဲ့ရင်းပြီး ညာခဲ့သမျှ ဖွတ်ပါတီ ဦးသျှောင် ဖွတ်မင်းဟောင်ရဲ့ စကားတစ်ခွန်းတည်းနဲ့သဲထဲရေသွန်ဖြစ်ရပြီလေ။ ဒီတော့ လဒကြီးမအလ တင်းပြီပေါ့။

ဖွတ်ပါတီဦးသျှောင်ဟောင်းကြီး ဖွတ်မင်းဟောင်တစ်ယောက်တော့ “အစားမတော် တစ်လုတ်”ဆိုတဲ့အတိုင်း အစားမတော်လို့ အခုပါတီဥက္ကဋ္ဌနေရာက ဖယ်လိုက်ရပါပြီ။ ဒီလိုဖယ်ပေးတဲ့အခမ်းအနားမှာပဲ စင်ပေါ်အတက် “အသွားမတော် တစ်လှမ်း”နဲ့တွေ့ပြီးမှောက်လျားထိုးလဲပါတယ်။ အခု စင်ပေါ်ကနေ မှန်တာတွေထုတ် ပြောနေပြန် တော့ သေချာပါတယ်။

ဒင်းတော့မကြာခင် မအလကြီးလက်စာ မိတော့မှာပါ။ မပူပါနဲ့။ ဖွတ်ပါတီရဲ့ အရောက်ပို့ကော်မတီဝင်တွေက အခုဆို ဒီအကြောင်းကို မအလကြီးထံ မက်ဆေ့ပို့ပြီးနေပါပြီ။ ရှယ်ပလန်နဲ့ကိုပို့နေကြတာပါ။ဖွတ်တို့ရဲ့ ဦးသျှောင်ဟောင်းကြီးရဲ့ နောက်အကြောင်းပြချက်တွေကတော့ ဖွတ်အချင်းချင်းကြားအောက်ကလိ အာကြတာမို့ စာမျက်နှာကို အားနာသဖြင့် ဘလာ…ဘလာ…ဘလာလို့သာအကျဉ်းချုံးလိုက်ကြပါစို့။ အကျယ်သိ ချင်သူများကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ဖွတ်ပါတီစာမျက်နှာတွေမှာ သွားဖတ်ကြပေတော့။ အခုတော့ ဖွတ်ပါတီဦးသျှောင် အသစ်စက်စက်ကြီးကိုအလှည့်ပေးရမှာမို့ အဟောင်းကို ဒီလောက်နဲ့ နိဂုံးချုပ်ခိုင်းလိုက်ကြပါစို့။ဖွတ်ပါတီဦးသျှောင်ဟောင်းကြီးရဲ့ နှုတ်ဆက်မိန့်ခွန်းရှည်ကြီး အဆုံးသတ်ချိန်မှာတော့ အိပ်ငိုက်နေကြတဲ့ဖွတ်ပါတီ ဝင်တွေဟာ လက်ခုပ်သံများနဲ့ သြဘာပေးကြပါတယ်။ ဒီတစ်ကြိမ် လက်ခုပ်သံတွေကယခင့်ယခင်ဦးသျှောင်ကြီး မိန့်ခွန်းအပြီးအကြိမ်များကထက် ပိုလို့လက်ဆပြင်းနေတယ်လို့ဦးသျှောင်ဟောင်းကြီး ဖွတ်မင်းဟောင် ထင်နေပါ တယ်။ ထင်တဲ့အတိုင်းလည်း ဟုတ်ပါတယ်။ ပါတီမှာခွထိုင်ပြီး စားပိုးနင့်တဲ့အထိ စားတတ်သူတစ်ယောက် လျော့ သွားနည်းလားဆိုတဲ့ သဘောနဲ့အားထည့်တီးကြတာပါ။ ကဲ…အခုတော့ နောက်ထပ်လာရောက် မှာကြား စား သောက်ဦးမယ့်ဦးသျှောင်အသစ်ကျပ်ချွတ်ကြီးကို အလှည့်ပေးကြပါဦးစို့ရဲ့။ဖွတ်တို့ရဲ့အရှင်သခင်၊ ဖွတ်တို့ရဲ့ ဦးသျှောင်သစ်ကြီးက စင်မြင့်ပေါ်ကို တက်လာတယ်ဆိုရင်ပဲပါးစပ်ကြီးဖြဲလို့ သွားရည်တွေတများများနဲ့ လျှာပြွတ်လွတ်ထွက်နေကာ မျက်လုံးတွေကလည်းဂနာမငြိမ်။ လက်စသတ်တော့ ထိုင်ခုံကို လိုက်ရှာနေတာပါ။ ထိုင်ခုံကိုတွေ့တော့မှ ပရိသတ်ဘက်စိတ်အေးစွာလှည့်ကြည့်ပါတယ်။

အဲ…ဦးသျှောင်သစ်ကြီးကိုလည်း အရင်ဆုံး မိတ်ဆက်ရပါဦးမယ်။ သူ့နာမည်ကဖွတ်မင်းဖင်သီလို့ခေါ်ပါတယ်။ သူဟာ ဖွတ်တကာ့ဖွတ်ထဲက ငါးထောင်စားဖွတ်တွေကို ပိုင်စိုးတော်မူတဲ့ဖွတ်မင်းတစ်ပါးလည်းဖြစ်ပါတယ်။ ဖွတ်နဲ့ လဒအပေါင်းအပါတို့အပေါ် ဆန့်ကျင့်ကွန့်ကွက်မှုတွေ၊အာဏာဖီဆန်တော်လှန်ပုန်ကန်မှုတွေ ရှိလာတဲ့အခါ သူ့ရဲ့ ငါးထောင်စားဖွတ်တွေကို အသုံးချလို့တန်ပြန်ဆန္ဒပြတာ၊ မိုက်ကြေးခွဲ ယုတ်မာတဲ့အကြမ်းဖက်နည်းတွေနဲ့ ဖြိုခွင်းရ တဲ့ တာဝန်တွေကိုယူပေးရသူလည်းဖြစ်ပါတယ်။

အနှီဖွတ်မင်းဖင်သီဟာ အခုတော့ ဖွတ်ပါတီ ဥက္ကဋ္ဌ၊ ဖွတ်တို့ရဲ့ အရှင်သခင်၊ ဖွတ်တို့ရဲ့ဦးသျှောင်သစ်အဖြစ်လည်း ရာထူးဆက်ခံရပါပြီ။ တစ်နည်းပြောရမယ်ဆိုရင်တော့ ထိုင်ခုံလုပွဲကြီးကိုသွေးမထွက်စေဘဲ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီပေါ့။ ဘယ်သွေးထွက်ပါ့မလဲ။ လဒကြီးမအလကိုဖွတ်တွေက ကြောက်ရတယ်လေ။

ဖွတ်ဦးသျှောင်အဖြစ် ရာထူးဆက်ခံရတဲ့အတွက်လည်း ဦးသျှောင်ဟောင်းဖွတ်မင်းဟောင်လို သူလည်းမိန့်ခွန်းပြော ခွင့်ပါမစ်ရပါတယ်။ ဒီတော့ သူလည်း စင်မြင့်ဆီ တက်လာပါတော့တယ်။“အဟမ်း…အဟမ်း”လို့ ဦးစွာ ချောင်းဟမ့်ရင်း ဖွတ်တို့ရဲ့ဦးသျှောင်သစ်ကြီး ဖွတ်မင်းဖင်သီကစကားစပါတယ်။ သူဟာ ဒီထိုင်ခုံနေရာကို ထိုင်ချင်လို့ ထိုင်တာမဟုတ်ကြောင်း၊ လဒမင်းကြီးမအလကထိုင်ဖို့ညွှန်ကြားလာလို့ လာရောက်ထိုင်ရတာဖြစ်ကြောင်း၊ ဒီအတွက် ပေးအပ်တဲ့တာဝန်ကို ဦးဆွေးဆံမြေ့၊ဦးလည်မသုန်၊ ဦးစောက် ကျွမ်းပြန်၊ ဦးစွန်းဖုတ်ဝေ၊ ဦးဆောက်ပန်းသေ၊ ဦးနှောက်အကြွပ်ကြော်(အဲအရှိန်တွေလွန်ကုန်ပြီ) အဲ့ရှိရှိသမျှ ‘ဦး’ပါ တဲ့ စကားအကုန်နဲ့ ကျေပွန်စွာထမ်းဆောင်သွားမှာဖြစ်ကြောင်း၊ မိမိလက်ထက်မှာ ပိုမိုကောက်ကျစ်တဲ့ အနာဂတ် ကို ပိုင်ဆိုင်နိုင်ဖို့ကြိုးစားသွားမှာဖြစ်ပြီး ဒီအတွက် ဖွတ်ပါတီရဲ့ လုပ်ငန်းစဉ်ငါးရပ်ဖြစ်တဲ့ ဘလာ…ဘလာ…ဘလာတွေကို ချမှတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းတွေ ပွားပါတယ်။

အဲဒါတွေပြောပြီးနောက် ဖွတ်ပါတီဟာ ပါတီဝင်တွေကြား စည်းလုံးညီညွတ်မှုကို အလေးထားကြောင်းမာန်ပါပါ ပြောပြီးနောက် ခေါင်းဆောင်ကောင်းဆိုတာ၊ လူမှန်နေရာမှန်ဖြစ်ဖို့ အစချီပြီး ဖွတ်ပါတီဦးသျှောင်ဟောင်းကို စင်မြင့်ပေါ်ကနေ လှမ်းကိုက်ပါတယ်။ အောက်မှာရှိနေတဲ့ဖွတ်ပါတီဦးသျှောင်ဟောင်းကြီးကလည်း အရှုံးမပေး သူ့လက်ထဲက ဖျာလိပ်ကြီးနဲ့ ပြန်ပစ်ပါတယ်။ဒီလို တစ်ဦးနဲ့တစ်ဦး စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ရန်ဖြစ်တိုက်ခိုက်နေချိန်မှာပဲ ညီလာခံခန်းမထဲကိုစစ်သီချင်း တွေ သံပြိုင်ဟစ်လို့ အဖွဲ့တစ်ဖွဲ့တန်းစီဝင်လာပါတော့တယ်။

အနှီအဖွဲ့ကတော့ လဒကြီးမအလစေခိုင်းချက်အရ ရောက်ရှိလာခဲ့တာဖြစ်ပြီး လဒကြီးမအလက“မင်းတို့တွေ ဖွတ်ပါတီထဲကို အခုချက်ချင်းဝင်ရမယ်။ မကြာမီကျင်းပမယ့်ငါတို့တိရစ္ဆာန်ရွေးကောက်ပွဲမှာ ငါတို့ လဒအင်အားစု ဟာ ဖွတ်တွေကို အသုံးချပြီး အာဏာကိုပိုင်ပိုင်အရယူရမယ်။ ဒီအတွက် အခုမင်းတို့ ဝတ်ထားတဲ့ ဘောင်းဘီတွေ ချွတ်ပြီး လဒကနေဖွတ်ယောင်ဆောင်လို့ ဖွတ်ပါတီထဲ ဝင်ကြတော့” ဆိုတဲ့စကားအဆုံးမှာပဲ နောက်လိုက်ကောင်း များပီပီညီလာခံခန်းမထဲကို ချက်ချင်းဆိုသလို တန်းစီဝင်ရောက်လာခဲ့ပါတယ်။

လဒခေါင်းဆောင်ကြီးမအလ အမှာအကြားရှိတဲ့ “လဒကနေ ဖွတ်ယောင်ဆောင်ဖို့ဘောင်းဘီတွေချွတ်သွား”ဆိုတဲ့ စကာတစ်သဝေမတိမ်း လိုက်နာကာ ဖွတ်ယောင်ဆောင်တဲ့ လဒတွေဟာဘောင်းဘီတွေ ကိုယ်စီချွတ်လာလိုက်ကြ တာ အောက်ပိုင်းဟာ အဝတ်မပါ ဗလာကျင်း 18+တွေဖြစ်နေပါတော့တယ်။

ဒီအချိန်မှာပဲ အကောင်းမြင်သမားဖွတ်ပါတီဝင်တစ်ယောက်ဆီက တီးတိုးစကားသံထွက်လာပါတယ်။“ဒီလိုဆိုတော့လည်း ငါတို့ ‘မ’ဖို့ အတွင်းထဲထိ တကူးတကနှိုက်ပြီး ရှာနေစရာ မလိုတော့ဘူးပေါ့”ညီလာခံထဲရှိသူများ အဲဒီဖွတ်ယောင်ဆောင်မယ့် လဒတွေဆီ အာရုံရောက်နေချိန်မှာပဲ ညီလာခံကျင်းပရာခန်းမရဲ့ အပေါက်ဝကနေ ဝင်လာသူတစ်ယောက်လည်း ရှိနေပါသေးတယ်။သူဟာ ကြိုးချည်ထားတဲ့ နို့ဆီခွက်တွေကို ပခုံးထက်စလွယ်သိုင်း၊ အင်္ဂတေကိုင်ရာမှာသုံးတဲ့ သံလက်ကိုညာလက် မှာကိုင်၊ ဘုရင်ဆောင်းတဲ့မကိုဋ်အဖြစ် ယက်တောင်ကို ခေါင်းမှာ ကြိုးချည်ထိုး၊တံမြက်စည်းကို ထုံးဖြူသုတ် ဆင်ဖြူတော်လုပ်ကာ ခွစီးလို့ ညီလာခံခန်းမအတွင်း ပုတက်…ပုတက်နဲ့တစ်လှမ်းချင်း…တစ်လှမ်းချင်း ဝင်ရောက်လာနေပါတော့တယ်။ ပါးစပ်ကလည်း စကားတစ်ခွန်းကိုအဆက်မပြတ်ရွတ်နေပါတယ်။

“မပေးပေးပေး…ပေးပေးပေး ငါ့သမ္မတ…ပေး။ ဟေ့…မပေးပေးပေး…ပေးပေးပေး…ငါ့ကိုသမ္မတပေး”ဟူသတဲ့။

ကိုရင်နွေဦး