ဂိုးမိုးရွာပြီး စီးတီးရဲ့ အကောင်းဆုံး ခြေစွမ်းကို တွေ့မြင်ခဲ့ရတဲ့ မန်ချက်စတာဒါဘီ 

အခုသီတင်းပတ်ရဲ့ ပရိသတ် စိတ်အဝင်စားဆုံး ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာ ဒါဘီမှာတော့ အိမ်ရှင် မန်ချက်စတာ စီးတီးက နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ်၊ ခြေပြတ်နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ကို ဆက်လက် ဖိအားပေးနေခဲ့ပါတယ်။ 

မန်ချက်စတာစီးတီး ၆ – ၃ မန်ချက်စတာယူနိုက်တက်

အိမ်ရှင် စီးတီးဟာ ကွင်းလယ် ခံစစ်သမား ရိုဒရီနဲ့ အဓိက ဗဟိုနောက်ခံလူတွေဖြစ်တဲ့ လာပေါ့တ်၊ ဒီယက်စ်တို့ မပါဝင်နိုင်ပေမယ့် ကစားပုံ လုံးဝ ပျက်မသွားခဲ့ဘဲ ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ထားတဲ့ ယူနိုက်တက်ကတော့ လူစုံတက်စုံ ပွဲထွက်လာပေမယ့် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ စီးတီးရဲ့ ကစားပုံက ကြောက်ခမန်းလိလိ ထက်မြက်ပြီး လုပ်သမျှ တင့်တယ်နေချိန်မှာ ယူနိုက်တက် ကစားသမားတွေက ယုံကြည်မှု လုံးဝ ပျောက်ဆုံးပြီး ဂိုးတွေ အလှူပေးနေခဲ့ရပါတယ်။ ပွဲအစ ၇ မိနစ်မှာ ဘယ်ခြမ်းက ဆေးလ်ဗား ဖြတ်ပို့တဲ့ ဘောလုံးကို ဖိုဒန်က ကန်သွင်းပြီး ဦးဆောင်ဂိုး ရသွားကတည်းက စီးတီးအတွက် အရာရာ လွယ်ကူသွားပါတယ်။ ၃၃ မိနစ်မှာ ဒီဘရိုင်း ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို စီးတီး တိုက်စစ်မှူး ဟာလန်းက ခေါင်းတိုက် ဂိုးသွင်းတာကို ယူနိုက်တက် ခံစစ်မှူး မာလီစီယာက ရှင်းထုတ်ဖို့ ကြိုးစားပေမယ့် ဘောလုံးက ဂိုးစည်းကျော်သွားပြီ ဖြစ်တာကြောင့် ဒုတိယဂိုး ပေးလိုက်ရပါတယ်။ နောက်ထပ် ၃ မိနစ် အကြာမှာတော့ ကွင်းလယ်က ဒီဘရိုင်းရဲ့ အံ့ဩစရာ ဘောလုံးပေးပို့မှုကနေ ဟာလန်းက လျှောထိုးပိတ်သွင်းပြီး စီးတီးတို့ ၃ ဂိုးပြတ် ဦးဆောင်ပါတော့တယ်။ ပထမပိုင်း ပြီးခါနီးမှာ ဘယ်ခြမ်းက ဟာလန်း ဖြတ်ပို့ပေးလိုက်တဲ့ ဘောလုံးကို ဖိုဒန်က ခက်ခက်ခဲခဲ ပိတ်သွင်းသွားတာကြောင့် ပွဲချိန်တစ်ဝက် ပြီးဆုံးချိန်မှာ စီးတီးက ၄-၀ နဲ့ ဦးဆောင်နေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ ယူနိုက်တက် မန်နေဂျာ ဟက်ဂ်က လူအပြောင်းအလဲတချို့လုပ်ပြီး စီးတီးကို တုံ့ပြန်ဖို့ ကြိုးစားလာပါတယ်။ စီးတီးကလည်း ကစားအားကို လျှော့လိုက်တဲ့အတွက် ယူနိုက်တက်က အခွင့်အရေးတချို့ ပြန်ရလာပါတယ်။ ၅၅ မိနစ်မှာ ယူနိုက်တက် တောင်ပံတိုက်စစ်သမား အန်တိုနီက လှပတဲ့ အဝေးကန်ချက်နဲ့ ပထမဆုံး ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ၆၃ မိနစ်မှာ တစ်ချက်ထိ အမြန်ပေး တွဲလုံးတွေနဲ့ စီးတီးက ထိုးဖောက်လာပြီး ဂိုမက်ဇ် ဖြတ်ပို့လိုက်တာကို ဟာလန်းက သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း ၃ ပွဲဆက် Hat-Trickအဖြစ် ကန်သွင်းယူသွားခဲ့ပါတယ်။ ၇၂ မိနစ်မှာ ဟာလန်း မျှောထုတ်ပေးလိုက်တဲ့ ဘောလုံးကို လူကျွံထောင်ချောက် လွတ်ထွက်သွားတဲ့ ဖိုဒန်က အပိုင်ကန်ပြီး ဒီပွဲရဲ့ ဒုတိယမြောက် Hat-Trickပိုင်ရှင် ဖြစ်လာပါတယ်။ ၈၃ မိနစ်မှာတော့ ဖရက်ဒ် ကန်သွင်းတာကို စီးတီး ဂိုးသမား အီဒါဆင် ပုတ်ထုတ်လို့ လျှံထွက်လာတဲ့ ဘောလုံးကို ယူနိုက်တက် လူစားဝင် တိုက်စစ်မှူး မာစီရယ်လ်က အနီးကပ် ခေါင်းတိုက်ပြီး အသင်းအတွက် ဒုတိယ ချေပဂိုးကို သွင်းယူပါတယ်။ နောက်ဆုံး မိနစ်ပိုင်းမှာ စီးတီးခံစစ်က အဖျက်ကြမ်းလို့ ယူနိုက်တက် ပင်နယ်တီ ရခဲ့ပြီး မာစီရယ်လ်ကပဲ ကန်သွင်းခဲ့တဲ့အတွက် ၆-၃ ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် စီးတီးဟာ အမှတ်ပေး ဇယားထိပ်က အာဆင်နယ်ထက် ၁ မှတ်ပဲ လျော့တော့ပြီး ယူနိုက်တက်ကတော့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

အခြားပွဲစဉ်ရလဒ်

လိဒ်စ်ယူနိုက်တက် ၀ – ၀ အက်စ်တန်ဗီလာ