
စစ်ကိုင်းမြို့ကနေ မုံရွာကို မုံရွာ-မန္တလေး လမ်းအတိုင်း ထွက်ခွာလာတဲ့ စစ်တပ်ထောက်ပို့ယာဉ်တန်းကို တရက် တည်းမှာပဲ မြင်းမူ၊ချောင်းဦး၊မုံရွာ စတဲ့ မြို့တွေက ဒေသကာကွယ်ရေးတပ်တွေက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မုံရွာ-မန္တလေး လမ်းအတိုင်း မုံရွာမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို စက်တင်ဘာ (၂၅) ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူဒေသ တော်လှန်ရေးတပ်ဖြစ်တဲ့ ZERO ပြောက်ကျားတပ်ဖွဲ့၊ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့CHU PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-မုံရွာမြို့နယ်တို့က အသီးသီး သတင်းထုတ် ပြန်တာပါ။
စစ်ကောင်စီထောက်ပို့ယာဉ်တန်းဟာ အိမ်စီးကားတွေ၊ကုန်တင်ကားတွေနဲ့ အရပ်သားကားတွေအဖြစ် ဟန်ဆောင် လာတာဖြစ်ပြီး မြင်းမူမြို့နယ်နိမိတ်အတွင်းမှာပဲ သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက DNA ကိုပြောပါတယ်။
အဲ့ဒီစစ်ကောင်စီယာဉ်တန်းကို မနေ့က မနက် ၁၁နာရီဝန်းကျင်မှာ နာရီဝက်လောက်အတွင်း မြင်းမူမြို့နယ်နိမိတ် ထဲကနေရာသုံးခုမှာ ပဒေသာမိုင်း (၃၅)လုံးနဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ စစ်တပ်ထောက်ပို့ယာဉ်တန်းမှာ ပထမအသုတ်အဖြစ် ကား ငါးစီးပါဝင်ပြီး ဒုတိယအသုတ်မှာတော့ သုံးစီးပါဝင်တယ်လို့ဖော်ပြထားပါတယ်။တိုက်ခိုက်မှုမှာ ပါဝင်တဲ့တပ်ဖွဲ့ဝင် တွေကတော့ အထိအခိုက်မရှိဘူးလို့ဆိုပါတယ်။
စစ်တပ်ထောက်ပို့ယာဉ်တန်းဟာ ချောင်းဦးမြို့မှာလည်း မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ထပ်မံကြုံတွေ့ရပြီး ယာဉ်တန်းထဲက ကားတစီးပျက်စီးသွားတဲ့အပြင် နောက်တစီးကလည်း ကူညီပေးဖို့ရပ်တန့်နေခဲ့တယ်လို့ ချောင်းဦး ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ CHU PDF က ထုတ်ပြန်ပါတယ်။
ရပ်တန့်နေတဲ့ ထောက်ပို့ကားနှစ်စီးကို သွားရောက်တိုက်ခိုက်ရာမှာ ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးနဲ့ ကားပျက်နေတဲ့အဖွဲ့ကို လာရောက်ကူညီတဲ့ ဒေသခံ စစ်တပ်စခန်းက တပ်ဖွဲ့ဝင်တဦး စုစုပေါင်းခြောက်ဦး သေဆုံးပြီး နှစ်ဦးကို ဒဏ်ရာနဲ့ အရှင်ဖမ်းမိခဲ့တယ်လို့ CHU PDF ကဆိုပါတယ်။
ဖမ်းမိခဲ့သူနှစ်ဦးကို ခေါ်ဆောင်လာပေမယ့် တဦးက လမ်းမှာပဲ ဒဏ်ရာကြောင့်သေဆုံးသွားပြီး တဦးကတော့ စခန်း မှာ ဆေးကုသပေးနေစဉ် သေဆုံးသွားတယ်လို့ CHU PDF ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ပွဲ အ တွင်း လက်နက်ငယ်သုံးလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး CHU PDF ဘက်က တပ်ဖွဲ့ဝင်နှစ်ဦး မစိုးရိမ်ရဒဏ် ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မုံရွာမြို့ မုံရွေးကြေးမုံအနီး မုံရွာ-မန္တလေးမှာလည်း စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေး တပ် တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို မနေ့က မနက်၁၂နာရီ ဝန်း ကျင်မှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။
“ထိခိုက်မှုကတော့ များတယ်၊ ကားက ခေါင်းတည့်တည့်ကိုထိခိုက်သွားတာဆိုတော့လေ၊ အပေါ်မှာတော့ ေ-ွး နှစ်ကောင် သုံးကောင်ပါတယ်ဗျ” လို့ Monywa People’s Liberation Force တာဝန်ခံကDNA ကို ပြောပါတယ်။
အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ Special Forces-11 နဲ့ Monywa People’s Liberation Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။