ဦးဘမောင်၏ စက်ဘီးနောက် ကြက်ခြင်းကြီးထဲသို့ နောက်ဆုံးအသုတ်ရောက်လာကြသည်မှာ အောက် ကလိတို့ အုပ်စု။
ကြက်ကုန်သည် ဦးဘမောင်ဟာ သူ့ကြက်ခြံအတွက် ကြက်မျိုးဆက်မပြတ်စေရေး ရွာဘက်သို့ ဆင်းကာ ကြက်အဝယ်ထွက်ခဲ့ပါတယ်။ အိမ်ကြက်များအား ဈေးကောင်းပေးမည်ဆိုသဖြင့် ရွာသားများက အလုအယက် ရောင်းကြရာမှ အောက်ကလိတို့ မှာ ကြက်ခြင်းထဲ သက်ဆင်းကြရခြင်းပင်။
တခြားကြက်ပေါက်များက ကျလိ ကျလိ ကလွိ ကလွိ ဖြင့် စကားတပြောပြော လိုက်ပါနေသော်လည်း အောက်ကလိကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲလိုက်လာပါတယ်။ အောက်ကလိ အတွေးထဲမှာတော့ အဖော် အသင်း ကြက်ပေါင်းများစွာနှင့် အစာရေစာ ၀၀လင်လင် စားရမည့် ကြက်ခြံကြီးကို ရည်မှန်းကာပျော်နေလေပြီ။ အောက်ကလိရဲ့ အမေဟာ တစ်ချိန်က ကြက်ခြံကြီးတစ်ခုထဲက ထွက်လာခဲ့တဲ့အကြောင်း အောက်ကလိကို အိပ်ရာဝင်ပုံပြင်အဖြစ် မကြာခဏ ပြောပြတတ်တယ် ။
ရွာမှ အိမ်များမှာလို ကိုယ့်ဘာသာ တီကောင်၊ စပါးလုံးလိုက်ရှာစားစရာမလို.. အချိန်တန်လျှင် ကြက်ခြံ ရှင်က ဖွဲနု ၊ ဆန်ကွဲ အကောင်းစားများလာကြွေးသဖြင့် ဇိမ်ကြခဲ့ပုံ ၊ မျိုးတူတွေအများကြီးထဲ ပျော်ပျော်ရွှင်ရွှင် ဥလေးသာ မှန်မှန်ဥပေးရသော ကြက်ခြံထဲမှ ဘဝကို အောက်ကလိ အခါခါစိတ်ကူးယဉ်ခဲ့ရတာပေါ့။ အောက်ကလိ အမေ ကြက်မကြီးဟာ သူ့အဖေ တောကြက်ဖကြီးနှင့် အကြောင်းပါပြီး ကြက်ခြံကြီးကနေ တိုးဝှေ့ထွက်ပြေး အိမ်ကြက်မကြီးဖြစ်ခဲ့ရတယ်။ ဒါကြောင့် အောက်ကလိလည်း ဒီ တောရွာဇနပုဒ်မှာ အချိန်တန် ဟင်းစားလုပ်ခံရ မည့် အိမ်ကြက်စုတ် ဖြစ်ခဲ့ရသည်မဟုတ်လား။ ယခုတော့ ခေတ်မှီ၍ စည်းကမ်းပြည့်ဝသော ကြက်ခြံတော်ကြီးဆီ အောက်ကလိ ခြေချရတော့မည်။
ဦးဘမောင်က ကြက်ခြင်းကို စက်ဘီးပေါ်မှ ကြိုးဖြည်နေစဉ် ဟိုးဝါးပြားကာ ကြက်ခြံများထက်ဆီက ကအီး ကတော် ကြက်အော်သံများကို ကြားပြီး အောက်ကလိ ရင်ခုန်လိုက်သည့်ဖြစ်ခြင်း။
ဟော့..ကြက်ခြံကြီးထဲ ကို အောက်ကလိတို့ကို တစ်ကောင်ချင်း ထည့်ပြီ..။
အလို .. မျိုးတူတွေ အများကြီးပါလား .. ဟရိုး..အောက်အီးအီးအွတ်…ဖလပ်..ဖလပ် ။
ကြက်ခြံထဲရောက်ရောက်ခြင်း အောက်ကလိက ဝမ်းသာအားရနဲ့ အတောင်ကိုခတ်ပြီး တွန်ထည့်လိုက် တယ်။ ဒီနောက်တော့ အောက်ကလိတို့အုပ်စု ကြက်ခြံထဲမှ ကြက်အုပ်ကြီးထဲ ကျလိ ကျလိ အာအာ လုပ်ကာ ဝင်ဖို့ ပြင်လိုက်ကြတာပေါ့။
”ဟေး … နောက်မှ ဝင်လာတဲ့ နောက်ပေါက်ကြက်ငတောတွေ…. အဲ့ဒီနေရာမှာ တန်းစီရပ်နေစမ်း”
အလိုလေး….ကြက်ခြံမှာမွေး၊ ကြက်ခြံမှာကြီးတဲ့ ကြက်ကြီးခြံပေါက် ဘိုငမောက် အသံကြားတော့ ကြက်တွေ အားလုံး ငြိမ်ဝပ်သွားပါလေရောလား။ ဘာမှ မသိဘဲ ပေတိပေကန် ရပ်နေတဲ့ အောက်ကလိတို့ ကြက်သစ်အုပ်စု ရှေ့ကို ဘိုငမောက်တို့ ကြက်ဟောင်းအုပ်စုတွေ အတောင်တဖြတ်ဖြတ်နဲ့ ရင်ဘတ်ကြီးကော့ပြီး လာကြသဗျ ။
ပြီးတော့..ပြီးတော့…
”ဟေ့ကောင်တွေ … ကြက်သစ်တွေ … သောက်ချိုးက တယ်မပြေချင်ဘူး … မင်းတို့ ကင်းမြီးကောက် ထောင်စမ်း”
အလို … ဘယ်နှယ့်ဟာတုန်း .. မွေးကတည်းက ခြေနှစ်ချောင်းပဲ ပါပါတယ်ဆိုတဲ့ ကြက်ကို ကင်းမြီး ကောက် လာထောင်ခိုင်းနေတယ်..ဘယ်နှယ့်ထောင်ရပါ့..။
အောက်ကလိ အတွေးမှ မဆုံးသေးဘူး..ဗြုန်းဆို အောက်ကလိတို့ အုပ်စုထဲက အသစ်တစ်ယောက်ကို ဘိုမောက်ကြီးက ဖြတ်ခွပ်ထည့်တာ ပက်လက်ကြီးလဲပါလေရောလား။ ကြက်ပက်လက်လန်တော့ ခြေနှစ်ချောင်း က မိုးပေါ်ထောင်လို့ပေါ့ ။
”ဟိတ် ကြက်တွေ …မြင်လား … ကင်းမြီးကောက်ထောင်တယ် ဆိုတာ … ဒီလိုကွ …မြင်ပြီလား”
အောက်ကလိ ကြက်ဖြစ်လာတဲ့ တစ်လျှောက် ကြက်ကင်းမြီးကောက်ဆိုတာ ဒါပါလားလို့ တအံတသြဖြစ် နေတုန်း ဘိုမောက်ကြီးတို့ထဲက ကြက်ဟောင်းတစ်ကောင်က အောက်ကလိ အမောက်ပိန်ပိန်လေးကို ခွပ်ဆို ဆိတ်ထည့်လိုက်ပါလေရော။
အောက်..အီး..အီး..အား
”ဟေ့ကောင် ကြက်သစ်မင်းက ကြက်ဟောင်းတွေကို မလေးမစားနဲ့ … ဟိုမှာ သူများတွေ ကင်းမြီး ကောက်ထောင်နေပြီ မင်းထောင်လေကွာ”
နောက်တစ်ချက် အမောက်ကို ထပ်ဆိတ်တော့ အောက်ကလိခမျာ အတောင်ပံနှစ်ချောင်းကို မြေမှာ ထောက်ပြီး ခြေထောက်နှစ်ချောင်းမိုးမျှော်လို့ ကင်းမြီးကောက်ထောင်လိုက်ရပါတော့တယ်။
”ကြက်မသားတွေ …သောက်သုံးကို မကျဘူး …ထစမ်း … ထစမ်း…”
ကလူးကလဲနဲ့ ထလာပြန်တော့လည်း မသက်သာပါဘူး ။
အောက်ကလိတို့ အုပ်စုကို ဒင်းကြီးတို့က ဝိုင်းခွပ်တာမှ တဖြန်းဖြန်းကို မြည်လို့ ..။
”ဒီကောင် … ဒီကောင် … ရောက်ခါစကတည်းက စောက်ချိုးမပြေတဲ့ …ကြက် …။ ကျုပ်တို့ ကြက်စီနီယာတွေ ရှိတာတောင် ခြံထဲဝင်ဝင်ခြင်း အတောင်ခတ်ပြီး အောက်အီးအီးအွတ်လို့ တွန်ရဲတဲ့ကောင်” ခြံကြက်ဟောင်းတစ်ကောင်က အောက်ကလိဘက်ကို နှုတ်သီးထိုးပြီး တွန်လိုက်တာနဲ့ ကျန်တဲ့ ကြက်ဟောင်း တွေက အောက်ကလိကိုပဲ မဲပြီး ခွပ်တော့တာ။ ခြံထဲ မျက်စိသူငယ်နားသူငယ် ရောက်လာတဲ့ အောက်ကလိမှာ အတက်ကို ဆုတ်ပြီး နှုတ်သီးကြိတ်ခံခဲ့ရလေသတည်းပေါ့ …။
ရဲရဲခွပ်၊ ရဲရဲဆိတ် ကြက်ဂျူနီယာကြီးမဖြစ်ခင်…ရဲရဲခံရတဲ့ ကြက်မတော်သားလေး အောက်ကလိဘဝအစ။
■
နှစ်လကြာတော့ ဦးဘမောင်တို့မြို့မှာ အလှူပွဲကြီးကျင်းပတယ်။ ဦးဘမောင်ခြံက ကြက်တွေ တော်တော် များများကို အလှူမှာ ထမင်းနဲ့ချက်ဖို့ လာဝယ်ကြလေရဲ့။ အဲဒီမှာ ဦးဘမောင်က သူ့ခြံထဲမှာ ရင့်ထော်နေတဲ့ ကြက်ဖတွေ ဦးစားပေးရောင်း ပေးရောင်းလိုက်ပါတယ်။
ဘိုမောက်ကြီးတို့အုပ်စု တစ်စုလုံး လည်း ကြက်သားဟင်းလောင်းဘဝကနေ ကြက်သားဟင်းဘ၀ကို အဆင့်တိုးပြီး စဉ်းတီတုံးပေါ် ရောက်ကုန်ကြလေရဲ့။
အဲဒီမှာ………….အောက်ကလိတို့ဟာ ဦးဘမောင် ကြက်ခြံတော်ကြီးရဲ့ စီနီယာကြက်ဖကြီးတွေ ဖြစ်ပြီ ပေါ့ .။
အလှူပွဲပြီးလို့ တစ်ပတ်အကြာမှာ ဦးဘမောင် ဟာ ကြက်ခြံရှေ့မှာ စက်ဘီးကို ရပ်ပြီး ကြက်ခြင်းတစ်ခြင်း ဆွဲဝင်လာတာ အောက်ကလိ တွေ့လိုက်သည် ။
ကြက်သစ်တွေ လာပြီ။ အောက်ကလိ အတောင်ကို တဖျပ်ဖျပ် ခါလိုက်တယ်..။
ကြက်ခြံတော်ကြီးလည်းချီလာပါပြီ…အောင်ကြက်ခြံကြီးလည်း ချီလာပါပြီ..ကတွတ်..ကတွတ်။ အောက်ကလိဟာ အမိကြက်ခြံတော်ကြီးရဲ့ စီနီယာကြက်အရာရှိ ဖြစ်ပြီ။
■
ဦးဘမောင် ဟာ ကြက်ခြင်းထဲကနေ အသစ်ဝယ်လာတဲ့ ကြက်ခြင်းထဲကနေ ကြက်တွေကို ခြံထဲလွှတ် ပေးလိုက်တယ် ။
”ဟိတ်ကောင် …ကြက်သစ်တွေ…အကုန်လုံး ဒီတိုင်း မတ်တပ်ရပ်နေစမ်း”
မွေးကတည်းက ထိုင်လို့မရပဲ မတ်တပ်ရပ်နေရတဲ့ ကြက်သစ်တွေခမျာ စီနီယာကြက်ကြီး အောက်ကလိ တွန်သံကြောင့် ပြူးကြောင်ကြောင်လေး ဖြစ်သွားရှာရပါတယ်။ ရင်ကိုကော့…နှုတ်သီးကို ပြင်ထားတဲ့ အောက် ကလိတို့ကတော့ ခပ်တည်တည်ပဲ..။ ဘယ်နှယ့်..အခုတော့…. ကြက်ခြံတော်အင်အားရှိသမျှ အောက်ကလိလည်း အင်အားတွေရှိနေဉီးမည်မဟုတ်လား။
■
တကယ်ပဲ…အခုဆို အောက်ကလိရဲ့ အချိန်ရောက်လာခဲ့ပါပြီ။ ကြက်ခြင်းထဲက စီနီယာအရာရှိကြီး ဖြစ် လာတဲ့ အောက်ကလိခမျာ ဒီနေရာကို ဉီးဘမောင်က သူ့အတွက် အမြဲပေးထားမယ်လို့ ယုံကြည်နေခဲ့တယ်။ ရှေ့က သူ့စီနီယာတွေ ဘယ်လမ်းသွားတယ်ဆိုတာ မြင်ပေမဲ့လည်း..သူ့အလှည့်ကျ ဒါမျိုးဖြစ်လာမယ် ဆိုတာ သူမတွေးမိ ဘူး။ ဘယ်တွေးမိမလဲ။ သူက ကြက်ကိုး။
ဘာပဲဖြစ်ဖြစ် အောက်ကလိကတော့ သူ့အတွက် ကြက်ခြံတော်သည် အမိ၊ ကြက်ခြံတော်သည်အဖ ဆိုပြီး ကြက်ခြံတော်ကြီးထဲ တာဝန်ကျေပွန်ခဲ့ပါရဲ့။
အခုတော့ ဉီးဘမောင်ရဲ့ အလှူပွဲတဲ့။ ကြက်ခြံသူဌေးရဲ့ အလှူပွဲဆိုတော့ကာ ကောင်းပေညွှန့်ပေဆိုတဲ့ စီနီယာကြက် ဝဝဖြိုးဖြိုးကြီးတွေကို ရွေးထုတ်ချပစ်လိုက်တယ်။ ကြက်ခြံရဲ့ စီနီယာအရာရှိ၊ အစာမှန်သမျှ ဗိုလ်ကျ စားနေရတဲ့ တောင့်တောင့်ထွားထွား အောက်ကလိခမျာ … အခုတော့ ကြက်သားဟင်းအလောင်းအလျာအဖြစ် စဉ်းတီတုံးနဲ့ ကြက်သတ်သမားရဲ့လက်ကြားမှာ ဆန့်ဆန့်ကြီးရုန်းကန်နေလေရဲ့။ ကြက်သတ်သမားရဲ့ ရေနွေးအိုး ဆူဆူကြီးကို သူမြင်နေရတယ်။ ဓားသွားမြမြကို သူမြင်နေရတယ်။
အောက်ကလိဟာ သူ့အာဏာတည်မြဲခဲ့တဲ့ ကြက်ခြံကြီးရှိရာကို တစ်ချက် လှမ်းကြည်လိုက်မိတယ်။ တစ်ချိန်က သူ့လက်အောက်ငယ်သားဖြစ်ခဲ့တဲ့ ကြက်ငယ်ကောင်ဟာ နောက်ပေါက်ဂျူနီယာ ကြက်ပေါက်စအချို့ ကို အာဏာပြဖို့ အတောင်ကို တဖျပ်ဖျပ်ခါ ပြင်ဆင်နေလေရဲ့။ သူ့တုန်းကလိုပဲ … ခြံရှင် ဉီးဘမောင်အလိုကျ ကြက်ပါဝါတွေ ပြတော့မည်ထင်ရဲ့။ သူတို့ကြက်တွေအသက်နဲ့ ရင်းပြီး ဉီးဘမောင်တို့ မိသားစုဟာ ချမ်းသာပြီးရင်း ချမ်းသာလာတာကို အောက်ကလိ မသိခဲ့ပါ။ ဘယ်သိမတုန်း။ သူက ကြက်ကိုး။
အောက်ကလိ အခု နောက်ဆုံးအချိန်မှ သိလိုက်ရတာကတော့ မနက်ဖြန်ဆို … အောက်ကလိတို့လို ကြက်ခြံထဲက ကြက်တွေရဲ့ အသက်တွေနဲ့ ရင်းပေးပြီး … ဉီးဘမောင်က ခေါင်းပေါင်းတလူလူ အလှူဒါယကာ ကြီးအဖြစ် ပွဲခံယူဉီးမယ်မဟုတ်လား။ ဪ … ကျေးဇူးရှင်ကြီး။ ကြက်ခြံတော်ရဲ့ အကြီးအကဲကြီး ဉီးဘမောင်နှယ့်။
အတွေးတွေ မဆုံးခင်မှာပဲ…ကြက်သတ်သမားလက်ကဓါးက ဝေ့ခနဲ မြောက်တတ်သွားတာကို အောက် ကလိ ခပ်ရေးရေးမြင်လိုက်ရတယ်။ အောက်ကလိသာ အသက်ရှင်ခွင့်ရလျှင်ဖြင့်…ဒီဆောင်ပုဒ်ကို ကြက်တစ်ခြံလုံး ကြားအောင် ရွတ်ပြလိုက်ခြင်ရဲ့။
“ဒုတ်”
ကြက်သော်မသေ၊ သေသော်ဟင်းအိုး။
မော်စကိုဒေါ်ချို