
မနေ့ညက ယှဉ်ပြိုင်ခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေမှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီး၊ ပီအက်စ်ဂျီတို့လို အသင်းကြီးတွေ နိုင်ပွဲဆက်ခဲ့ကြပါတယ်။ မန်နေဂျာ အပြောင်းအလဲ လုပ်ထားတဲ့ ချယ်လ်ဆီးကတော့ အနိုင်ရလဒ် ရှာဖွေဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး နာမည်ကြီး ဂျူဗင်းတပ်စ်လည်း ၂ ပွဲဆက် ရှုံးနိမ့်သွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ၂ – ၀ လိုက်ပ်ဇစ်
အိမ်ကွင်းမှာ ကစားရတာ ဖြစ်တဲ့အပြင် သမ္ဘာပိုင်းမှာလည်း ပိုရင့်ကျက်ပြည့်ဝတဲ့ ရီးရဲလ်အတွက်တော့ ဒီပွဲမျိုးကို အနိုင်ကစားဖို့ ပြဿနာ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ဂျာမန်ကလပ် လိုက်ပ်ဇစ်ဟာ ဝါနာနဲ့ အန်ကူကူ တိုက်စစ်အတွဲကို အားပြုပြီး ရီးရဲလ်ကို တန်ပြန်ဖိအားပေးဖို့ ကြိုးစားပေမယ့် ဂိုးတော့ မသွင်းနိုင်ခဲ့ကြပါဘူး။ ပွဲချိန် အစောပိုင်းတွေမှာ လိုက်ပ်ဇစ်ရဲ့ တိုက်စစ်ဆင်မှုတွေကို ရီးရဲလ် ဂိုးသမား ကော်တွိုက်စ်က အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့ပါတယ်။ ရီးရဲလ်အတွက် အဖွင့်ဂိုးကို ဒီရာသီမှာ တောက်လျှောက် ခြေစွမ်းတက်လာတဲ့ ကွင်းလယ်လူ ဗယ်လ်ဗာဒီက ပွဲချိန် ၇၉ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ဗင်နီးရှပ်စ် ပေးပို့တဲ့ ဘောလုံးကို ဘီးကုပ်စက်ဝိုင်း ထိပ်နားမှာ ဗယ်လ်ဗာဒီ ရသွားပြီး ပြိုင်ဘက် နောက်ခံလူ တစ်ယောက်ကို ခြေယောင်ပြ လှည့်စားပြီးမှ အပိုင်ကန်သွင်းသွားတာ ဖြစ်ပါတယ်။ ရီးရဲလ်တို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုတော့ ပွဲပြီးခါနီးမှာ ခရူးစ်ပေးပို့တဲ့ ထောင့်ကန်ဘောကို အဆန်စီယိုက ပိတ်သွင်းပြီး အရယူသွားခဲ့တာပါ။ ဒီပွဲရလဒ်ကြောင့် ရီးရဲလ်ဟာ ၂ ပွဲကစား၊ ၂ ပွဲနိုင်ပြီး အုပ်စု(F)ကို သက်တောင့်သက်သာ ဦးဆောင်နိုင်ခဲ့ပါတယ်။
မန်ချက်စတာစီးတီး ၂ – ၁ ဒေါ့တ်မန်
စီးတီးရဲ့ တိုက်စစ်မှူးသစ် ဟာလန်းနဲ့ နောက်ခံလူ အကန်ဂျီတို့ဟာ အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဟာလန်းက အလန်းစား အနိုင်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲ အနိုင်ရတဲ့ အသင်းဟာ အုပ်စုကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်မှာ ဖြစ်တာကြောင့် နှစ်သင်းလုံး လူစုံတက်စုံ ပွဲထုတ်ပြီး အနိုင်ရဖို့ ကြိုးစားခဲ့ကြပါတယ်။ ပွဲရဲ့ ဦးဆောင်ဂိုးကိုတော့ ဧည့်သည် ဂျာမန်ကလပ်က စတင် သွင်းယူပါတယ်။ ပြစ်ဒဏ်ဘောကနေ လျှံထွက်လာတဲ့ ဘောလုံးကို ရူးစ်က ထပ်ဆင့် ကန်တင်ပေးရာမှာ လူငယ် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဂမ်က ခေါင်းတိုက်ပြီး ဂိုးပေါက်ထဲ လမ်းကြောင်းပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့နောက် စီးတီးက တိုက်စစ်ကို ပိုအရှိန်မြှင့်လာပြီး မိနစ် ၈၀ မှာ နောက်ခံလူ စတုန်းစ်က ဂိုးဧရိယာ အပြင်ဖက်ကနေ တိကျပြီး အားပါတဲ့ ညာခြေကန်ချက်နဲ့ ချေပဂိုး သွင်းယူသွားပါတယ်။ ၈၄ မိနစ်မှာ ကန်ဆယ်လို ဘယ်ခြမ်းက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာလန်းက လေထဲမှာ လှလှပပ အနီးကပ် ပိတ်သွင်းပြီး စီးတီးအတွက် အနိုင်သေချာစေခဲ့ပါတယ်။ ဒီဂိုးကို သွင်းယူပြီးချိန်မှာ ဟာလန်းက အသင်းဟောင်းကို လေးစားမှု ပြတဲ့အနေနဲ့ အောင်ပွဲ မခံခဲ့တာကိုလည်း တွေ့ရပါတယ်။
မက္ကာဘီဟိုင်ဖာ ၁ – ၃ ပီအက်စ်ဂျီ
မက်ဆီ၊ နေမာနဲ့ အမ်ဘက်ပီတို့လို ကမ္ဘာ့အကောင်းဆုံးအဆင့် တိုက်စစ်မှူး ၃ ယောက် တပြိုင်တည်း ပွဲထွက်လာတဲ့ ပြင်သစ် ချန်ပီယံ အသင်းကို တားဆီးဖို့ဆိုတာ အစ္စရေး ကလပ်အသင်းလေး မက္ကာဘီအတွက်တော့ ခက်ခဲလွန်းပါတယ်။ ပီအက်စ်ဂျီဟာ ဒီပွဲကို စိတ်တိုင်းကျ ထိန်းချုပ်ကစားပြီး တိုက်စစ်မှူး ၃ ယောက်စလုံး ၁ ဂိုးစီ သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ပွဲရဲ့ အဖွင့်ဂိုးရှင်က အိမ်ရှင်တွေ ဖြစ်ခဲ့ပြီး ညာတောင်ပံက ဖြတ်ပို့တဲ့ ဘောလုံးကို ပွဲချိန် ၂၄ မိနစ်မှာ ချာရီက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၃၆ မိနစ်မှာတော့ အမ်ဘက်ပီ ပေးပို့တဲ့ဘောလုံးက မက္ကာဘီ နောက်ခံလူနဲ့ထိပြီး မက်ဆီရှေ့ ကျသွားရာက အာဂျင်တီးနားသားက အပိုင်ပိတ်ပြီး ချေပဂိုး သွင်းနိုင်ခဲ့ပါတယ်။ ၆၉ မိနစ်မှာတော့ ပြိုင်ဘက် နောက်ခံလူကို ကျော်ပြေးသွားတဲ့ အမ်ဘက်ပီက မက်ဆီ မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို ပိတ်သွင်းပြီး ပီအက်စ်ဂျီအတွက် ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ၈၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေတဆင့် လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ နေမာက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းပြီး ပီအက်စ်ဂျီတို့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဂိုးသွင်းအပြီးမှာ နေမာရဲ့ အောင်ပွဲခံပုံက ပြိုင်ဘက် ပရိသတ်ကို လှောင်ပြောင်သလို ဖြစ်နေလို့ ဒိုင်က အဝါကတ် ပြသ သတိပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
ချယ်လ်ဆီး ၁ – ၁ ဆဲလ်ဇ်ဘက်ဂ်
အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ထားတဲ့ ချယ်လ်ဆီးဟာ မန်နေဂျာသစ် ပေါ့တားလက်ထက် ပထမဆုံး ပွဲစဉ်မှာ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ဆဲလ်ဇ်ဘက်ဂ်ရဲ့ တုံ့ပြန်မှုကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပေါ့တားဟာ ဒီပွဲမှာ ၄-၃-၃ ပုံစံကို ပြောင်းလဲ ခင်းကျင်းခဲ့ပြီး ကစားသမားသစ် အူဘာမီယန်းကို တိုက်စစ်မြားဦးမှာ နေရာပေးခဲ့သလို အရင်က တိုက်စစ်နေရာမှာ ကစားနေကျ စတာလင်ကို ဘယ်တောင်ပံ ပြန်ပို့ပြီး မွှေနှောက် ထိုးဖောက်စေခဲ့ပါတယ်။ ပွဲက ပထမပိုင်းမှာ သိပ်ပြီး စိတ်ဝင်စားစရာ မရှိလှပေမယ့် ဒုတိယပိုင်း ပြန်စပြီး ၂ မိနစ် အကြာမှာပဲ ချယ်လ်ဆီးတို့ ဂိုးစရသွားပါတယ်။ ညာခြမ်းကနေ မောင့်က မြေလှိမ့်ဘော ဖြတ်ပို့ပေးလိုက်တာကို စတာလင်က စိတ်ကြိုက် ကန်သွင်းခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။ ၇၅ မိနစ်မှာတော့ ချယ်လ်ဆီး ကွင်းလယ်နဲ့ နောက်တန်းရဲ့ ဘောလုံးဖြတ်တောက်ပုံ အားနည်းချက်တွေကြောင့် ဆဲလ်ဇ်ဘက်ဂ် ညာခြမ်းက အဒါမူ ဘောလုံးရသွားပြီး ကန်ပို့ပေးလိုက်တာကို တိုက်စစ်မှူး အိုကာဖော်က အပိုင်ပိတ်သွင်းခဲ့တာကြောင့် ချေပဂိုး ပြန်ခွင့်ပြုလိုက်ရပါတယ်။ ဒီပွဲမှာ မနိုင်ခဲ့တဲ့အတွက် ချယ်လ်ဆီးဟာ အုပ်စုအဆင့်က လွတ်မြောက်ရေးအတွက် နောက်ပွဲတွေမှာ ပိုပြီး ဖိအားများလာတော့မှာပါ။
ဂျူဗင်းတပ်စ် ၁ – ၂ ဘင်ဖီကာ
အီတလီရဲ့ အစဉ်အလာ အကြီးဆုံး ထိပ်တန်းကလပ်ဖြစ်တဲ့ ဂျူဗင်းတပ်စ်ကတော့ အခုရာသီ ပြည်တွင်းမှာရော၊ ဥရောပ ပြိုင်ပွဲတွေမှာပါ အခြေအနေ မကောင်းသေးပါဘူး။ ဒီပွဲကိုလည်း အိမ်ကွင်းမှာ ကစားရပေမယ့် ပေါ်တူဂီထိပ်သီး ဘင်ဖီကာကို အရေးနိမ့်သွားခဲ့ပါတယ်။ ဂျူဗင်းတပ်စ်ဟာ အုပ်စု အဖွင့်ပွဲစဉ်လည်း ရှုံးနိမ့်ထားတာကြောင့် ဒီပွဲမှာ လူစုံတက်စုံ အသုံးပြုပြီး နိုင်ပွဲယူဖို့ အားထုတ်လာခဲ့ပါတယ်။ ဂျူဗင်းတပ်စ်တို့ အနေနဲ့ အစကောင်းခဲ့တယ်လို့ ပြောနိုင်ပြီး ပွဲအစ ၃ မိနစ်မှာတင် ပါရီဒက်စ် ကန်တင်ပေးတဲ့ ပြစ်ဒဏ်ဘောကို ပိုလန် တိုက်စစ်မှူး မီလစ်ခ်က အပိုင်ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ မိနစ် ၄၀ မှာတော့ ဂျူဗင်းတပ်စ် ကွင်းလယ်လူ မီရက်တီက ပင်နယ်တီ ဧရိယာထဲမှာ ပြိုင်ဘက် ကစားသမားရဲ့ ခြေထောက်ကို နင်းခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ ဒီအခွင့်အရေးကို မာရီယိုက အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပဂိုး ရယူခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ပြီး ၁၀ မိနစ် အကြာမှာ ဆေးလ်ဗားရဲ့ ကန်ချက်ကို ဂျူဗင်းတပ်စ် ဂိုးသမား ပီရင် ပုတ်ထုတ် ကာကွယ်ခဲ့ပေမယ့် နီရက်စ်က အလိုက်သင့် ပိတ်သွင်းနိုင်ခဲ့တာကြောင့် ဧည့်သည်အသင်းက ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုဆိုရင် အုပ်စု(H)မှာ ဘင်ဖီကာဟာ ပီအက်စ်ဂျီနဲ့ ရမှတ်တူ ပူးတွဲ ဦးဆောင်နေပေမယ့် ဂျူဗင်းတပ်စ်ကတော့ ၂ ပွဲလုံးရှုံးပြီး စိုးရိမ်စရာ အခြေအနေမျိုး ကြုံလာရပြီ ဖြစ်ပါတယ်။
တခြားပွဲစဉ် ရလဒ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အေစီမီလန် ၃ – ၁ ဒိုင်နမိုဇာဂရက်ဘ်
ရှက်တာဒွန်းညက်စ်ခ် ၁ – ၁ ဆဲလ်တစ်
ရိန်းဂျားစ် ၀ – ၃ နာပိုလီ
ကိုပင်ဟေဂင် ၀ – ၀ ဆီဗီးလား