ခမ်းပတ်မြို့က အထက်တန်းကျောင်းမှာ ညအချိန် ပေါက်ကွဲမှုဖြစ်

Photo – CJ

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ အမှတ် (၂) အထက်တန်းကျောင်းဝင်းအတွင်းမှာ စက်တင်ဘာ (၄) ရက် ည (၁၀) နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“ကျောင်းဝန်းထဲမှာပေါက်တာ၊ အသံဗုံးနေမှာပါ၊ ဘာထိခိုက်မူမှမရှိဘူး၊ ကျောင်းသားတွေ ဒီနေ့တော့ ကျောင်းမတက်ကြဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျောင်းဝင်းထဲ ဗုံးဖောက်ခွဲတာကို ဘယ်အဖွဲ့အစည်းကလုပ်ကိုင်တယ်ဆိုတာမသိရသေးပေမယ့် ဒေသခံတွေကတော့ ကျောင်းမတက်ဖို့ သတိပေးတာမျိုး ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ကျောင်းတွေကို တိုက်ခိုက်တာမျိုး ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တာဖြစ်စေ ခွင့်ပြုသွားမှာမဟုတ်ကြောင်း NUG ကစာထုတ်တားမြစ်ထားပြီး ဒေသခံကာကွယ်ရေးတပ်တွေအနေနဲ့လည်း အခုလိုဖောက်ခွဲမှုမျိုး လုံးဝလုပ်မှာ မဟုတ်ဘူးလို့ ကလေးနယ်မြောက်ပိုင်း တော်လှန်ရေးအင်အားစုဝင်တစ်ဦးက ဆိုပါတယ်။

လက်ရှိခမ်းပတ်မြို့ အ.ထ.က (၂) ကျောင်းမှာ ကျောင်းသူကျောင်းသားတချို့တက်ရောက်နေကြပြီး စစ်အာဏာမသိမ်းခင် ကျောင်းသားအရေအတွက်ရဲ့ ၃၀ % ဝန်းကျင်သာ ကျောင်းတက်ကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။