ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်း အေအေ တိုက်ခိုက်သိမ်းပိုက်

Photo – AA

ရခိုင်ပြည်နယ်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် (၄၀) အနီးက စစ်ကောင်စီတပ်စခန်းကို ဩဂုတ်လ (၃၁) ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲအုပ်တဦးအပါအဝင် (၁၉) ဦးသေဆုံးခဲ့ပြီး တဦး အပြင်းအထန် ဒဏ်ရာရရှိထားကြောင်းနဲ့ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA က ဆိုပါတယ်။

အဲ့ဒီတပ်စခန်းအပါအဝင် ပလက်ဝဒေသနဲ့ အခြားနေရာတွေမှာ စစ်ကောင်စီနဲ့ ‌AA တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။

အခုလို စစ်ကောင်စီတပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းယူခဲ့တာဟာ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ ရခိုင်ဒေသခံ အရပ်သားတွေ သေဆုံးထိခိုက်ခဲ့တဲ့ အပေါ် လက်တုံ့ပြန်တာဖြစ်တယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြောက်ဦးမြို့နယ်အနီးတစ်လျှောက်က ရွာတွေကို ဩဂုတ်လ (၂၈) ရက်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အသက်ငါးနှစ်အရွယ် ကလေးတဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ကိုးဦးထိခိုက် ဒဏ်ရာရခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာစခန်းသိမ်းနိုင်ခဲ့တဲ့ ဩဂုတ် (၃၁)ရက်မှာပဲ ပလက်ဝဒေသအတွင်းမှာလည်း AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး မျက်မြင်အခြေအနေအရ စစ်ကောင်စီဘက်က ဆယ်ဦးကျဆုံးတယ်လို့ AA ကဆိုပါတယ်။

NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်မှာ AAနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့လပိုင်းအလိုမှာ နှစ်ဖက်နှုတ်သဘောတူညီချက်နဲ့ တိုက်ပွဲတွေရပ်နားခဲ့ပါတယ်။ အဲ့ဒီနောက် စစ်အာဏာသိမ်းကာလတလျှောက် ရခိုင်မှာ တိုက်ပွဲတွေမရှိခဲ့ရာကနေ အခုနှစ်လယ်ပိုင်းမှာ တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ပါတယ်။