ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ဧရာဝတီတိုင်းမြို့တော် ပုသိမ်

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့မှာ ဩဂုတ်လဆန်းပိုင်းက စပြီး ခိုးမှု ၊ လုယက်မှု ၊ ဓါးပြတိုက် ၊ အနုကြမ်းစီးမှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။
“ဆိုင်ကယ်ခိုးမှု နဲ့ နေအိမ် ဖောက်ထွင်းခိုးခံရမှုတွေကတော့ မြို့ပေါ် ရပ်ကွက် တစ်ခုခုမှာ နေ့တိုင်း ဆိုသလို ဖြစ်နေတာ”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ရဲစခန်းမှတ်တမ်းတွေ အရ ပုသိမ်မြို့လယ် ရပ်ကွက်တွေ ဖြစ်တဲ့ အမှတ် (၄) ရပ်ကွက်က ဝတ်ရည်ဆေးခန်း နဲ့ အမှတ် (၆) ရပ်ကွက်က ဆရာဝန်တဦးရဲ့ နေအိမ်ဆေးခန်း အပါအဝင် ၊ အမှတ်(၁) ရပ်ကွက် နဲ့ အမှတ် (၇) ရပ်ကွက်က နေအိမ် ၊ စတိုးဆိုင်တွေဟာ နေခင်းအချိန်တွေမှာ အေးဓမြတိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတွေ ပြောပြချက်အရ မကြာခဏ လုယက်ခံနေရတဲ့ နေရာတွေမှာ လူအသွားအလာ ကျဲတဲ့စစ်တပ်ဘက်သွားတဲ့ တဲကြီးကုန်းလမ်း ၊ တက္ကသိုလ်ရှေ့က သီတာလမ်း၊ အမှတ် (၁၃) ရပ်ကွက် မဇ္ဇူလမ်း၊ ကင်မလင်းကျွန်း စက်မှုဇုန်လမ်း၊ ပုသိမ်ဟိုတယ်ရှေ့ ကန်သုံးဆင့် လမ်းမကြီး နဲ့ ကန်သာယာ ပါတ်လမ်း စတဲ့ နေရာတွေ ပါဝင်နေပါတယ်။
ဒီလ(၂၅) ရက်နေ့ မွန်းလွဲ (၃) နာရီဝန်း ကျင်လောက်က ကန်သုံးဆင့် ကန်ပါတ်လမ်းအနီး ဆိုင်ကယ်သူခိုးနှစ် ဦး ကို ဝိုင်းဝန်းဖမ်းကြရာမှာ တဦးကို ဖမ်းမိပြီး တဦးကရေ ကန်ထဲခုန်ချပြေးရာကနေ ရေနစ် သေဆုံးသွားခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ အမှတ်(၈) ရပ်ကွက်က မအေးမြမြဟာ ကင်မလင်းကျွန်း စက်မှုဇုန်လမ်း(ကညန)ရုံးအလွန် ဆီဇုန်နားမှာ လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးက တားလို့ ဆိုင်ကယ်ရပ်ပေးမိရာကနေ ဆိုင်ကယ် ၊ လက်ဝတ်လက်စားနဲ့ ငွေသုံးသောင်းကျော် ဓါးထောက်အလုခံခဲ့ရတယ်လို့ ဆိုပါတယ်။
“ကုန်ဈေးနှုန်း ကကြီးလာတယ်။ နေအိမ်ကျူးတွေ ဖျက်သိမ်း ခံရတယ်။ ကောင်းရောင်း ကောင်းဝယ် အလုပ်က ရှားလာတယ်။ တနေ့လုပ် တနေ့စားတွေ အလုပ်လက်မဲ့တွေ များလာတယ် ။ သေမထူး နေမထူး ဘဝတွေ ဖြစ်လာ တော့ ဒုစရိုက်မှုတွေ များလာတယ်” လို့ အသက် (၆၈) နှစ်ရှိ ပင်စင်စား တစ်ဦးက မှတ်ချက်ပြု ပြောကြားပါတယ်။
ခိုးဆိုးလုယက် ဓားပြတိုက် ခံရသူ အချို့က ရဲတပ်ဖွဲ့ကို အကြောင်းကြားပေမယ့် အရေး ယူ ဖော်ထုတ်နိုင် တာမရှိသလောက် ဖြစ်နေတာကြောင့် အချို့က ရဲတပ်ဖွဲ့ကို အကြောင်းကြားတာ ၊ တိုင်ကြားတာ မလုပ်ကြဘူးလို့သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ PDF တွေကို ကြောက်လန့်နေတာကြောင့် လူကြီးလမ်းကြောင်းတွေ၊ ကင်းစခန်းတွေ၊ ရဲစခန်းတွေ၊သူတို့ တစ်ဦးခြင်းနဲ့ မိသားဝင်တွေရဲ့လုံခြုံရေးမှာ အလေးပေး နေရတာကြောင့် မြို့ခံတွေရဲ့ လုံခြုံရေးကို လက်လျှူရှုထားတယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်က အရပ်သားတွေကို အမျိုးမျိုးအကြပ်ကိုင် ငွေညစ်တာ ၊ လောင်းကစားဝိုင်းတွေ ဖွင့်တာ ၊ မူးယစ်ဆေး ရောင်းတာ ၊ သယ်တာတွေ လုပ်နေတာကြောင့် တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေတယ်လို့ ဥပဒေ အထောက်အကူပြု အဖွဲ့၀င်တဦးက မှတ်ချက်ပေးပါတယ်။