ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်ရေး စွန့်လွှတ်မယ်ဆိုရင်တောင် စစ်ပွဲရပ်မှာမဟုတ်ဘူးလို့ ရုရှားပြော

Photo – Reuters

ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့မှာပါဝင်ဖို့ ဆန္ဒစွန့်လွှတ်မယ်ဆိုရင်တောင် ရုရှားဟာ သူ့ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ရုရှားသမ္မတဟောင်း Dmitry Medvedev က ဩဂုတ်လ ၂၆ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ရုရှား လုံခြုံရေးကောင်စီရဲ့ ဒုတိယဥက္ကဌလည်းဖြစ်တဲ့ Dmitry Medvedev ဟာ  ပြင်သစ်ရုပ်သံအင်တာဗျူး တခုမှာ အခုလိုပြောကြားခဲ့တာဖြစ်ပြီး တချို့အခြေအနေအတွက် ယူကရိန်းသမ္မတ ဇေလန်းစကီးနဲ့ ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီ ကျူးကျော်စစ် မတိုင်ခင်ကတည်းက ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံနိုင်ဖွယ် မရှိဘူးလို့ ရုရှားက ပြတ်ပြတ်သားသားပြောထားတာလည်း ဖြစ်ပါတယ်။

“မြောက်အတ္တလန္တိတ်မဟာမိတ်အဖွဲ့မှာ ယူကရိန်းရဲ့ ပါဝင်မှုကို စွန့်လွှတ်ဖို့က အခုအခါမှာ အရေးကြီးပါတယ်၊ ဒါပေမယ့် ငြိမ်းချမ်းရေး ထူထောင်ဖို့တော့ မလုံလောက်သေးပါဘူး၊ သူ့ရဲ့ ပန်းတိုင်ကို မရောက်မချင်း ရုရှားက တိုက်ပွဲတွေကို ဆက်လုပ်သွားမှာ ဖြစ်တယ်” လို့ Medvedev က ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းဟာ ကျူးကျော်မှုစတင်ပြီးနောက် ဆွေးနွေးပွဲတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပေမယ့် တိုးတက်မှုမရှိခဲ့ပါဘူး။

ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့  HIMARS ဒုံးပစ်လောင်ချာတွေလို အမေရိကန်လက်နက်တွေက ရုရှားကို ကြီးကြီးမားမား ခြိမ်းခြောက်မှုမရှိသေးဘူးဆိုပေမယ့် အမေရိကန်က လက်နက်တွေ ပေးပို့မယ်ဆိုရင်တော့ အဝေးက ပစ်မှတ်တွေကို ထိမှန်နိုင်မယ်လို့  Medvedev က မှတ်ချက်ပေးထားပါတယ်။