ထိုင်ဝမ်ခရီးစဉ်အတွက် လစ်သူယေးနီးယား ဒုဝန်ကြီးကို တရုတ်က ပိတ်ဆို့အရေးယူ

Photo – Reuters

ထိုင်ဝမ်ခရီးစဉ် သွားရောက်ခဲ့တဲ့ လစ်သူယေးနီးယား ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဒုဝန်ကြီး Agne Vaiciukeviciute ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက သြဂုတ် ၁၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ Vaskeviciute ရဲ့ဝန်ကြီးဌာနနဲ့ ထိတွေ့ဆက်ဆံမှုတွေအပြင် ဘောလ်တစ်သမ္မတ နိုင်ငံငယ်လေး ဖြစ်တဲ့ လစ်သူယေးနီးယားနိုင်ငံနဲ့လည်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွေကို  ဆိုင်းငံ့ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လစ်သူယေးနီးယား ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကတော့ တရုတ်နိုင်ငံရဲ့ ကြေညာချက် အပေါ် စိတ်မကောင်း ဖြစ်မိတယ်လို့  ပြောကြားထားပါတယ်။

“ဒါဟာ ဒီမိုကရက်တစ်ကမ္ဘာနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူ မဖြစ်စေဘဲ ဖြစ်စေရုံသာမကဘဲ ထိုင်ဝမ်နဲ့ အပြန်အလှန် အကျိုးရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား မဖြစ်စေဘူးဆိုတဲ့ တရုတ်ရဲ့ မူဝါဒကိုလည်း ပြောင်းပြန်လှန်ပစ်ရာရောက်တယ်” လို့ လစ်သူယေးနီးယား ဝန်ကြီးဌာနက ပြောဆိုပါတယ်။

Vaiciukeviciute ဟာ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကို သွားရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်ဝမ်ကို သွားရောက်ခဲ့တာပါ။ ထိုင်ဝမ်မှာ ငါးရက်တာကာလအတွင်း အစည်းအဝေး ၁၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဩဂုတ်လ ၁၂ ရက်နေ့က သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို သူ့ရဲ့ သင်းကွဲပြည်နယ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး ကျွန်းကို လာရောက်လည်ပတ်တဲ့ ပြည်ပ ထိပ်တန်းနိုင်ငံရေးသမားတွေကိုလည်း ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ထိုင်ဝမ်ကတော့ တရုတ်ရဲ့ သတ်မှတ်ချက်ကို ပယ်ချထားတာ ဖြစ်ပါတယ်။

လစ်သူယေးနီးယားရဲ့ မကြာသေးမီက ထိုင်ဝမ်နဲ့ ဆက်ဆံရေး အားကောင်းလာမှုဟာ တရုတ်ကို ဒေါသထွက်စေခဲ့ပါတယ်။