တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ ဒုံးခွင်းဒုံးစနစ် တပ်ဆင်မှုအပေါ် တရုတ်ကန့်ကွက်

Photo – Reuters

တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်ရဲ့ ဒုံးခွင်းဒုံးစနစ် တပ်ဆင်တာနဲ့ ပတ်သတ်လို့ ဒီကနေ့ ဩဂုတ်လ ၁၁ရက်နေ့မှာ တရုတ်နဲ့ တောင်ကိုရီးယားအကြား ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Terminal High Altitude Area Defence (THAAD) ဒုံးခွင်းဒုံးစနစ် တပ်ဆင်တာဟာ မိမိနိုင်ငံကို ကာကွယ်ဖို့ ရည်ရွက်ချက်သာဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ဒါပေမယ့် တရုတ်ကတော့ THAAD ဒုံးခွင်းဒုံးစနစ်ရေဒါဟာ သူ့ရဲ့ လေပိုင်နက်ထဲကို ထောက်လှမ်းနိုင်တယ်ဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။ တရုတ်က သတိပေးပြီးနောက်မှာတော့ တောင်ကိုရီးယားဟာ ဒုံးခွင်းဒုံးစနစ်အတွက် ဘက်ထရီတွေ တပ်ဆင်တာနဲ့ အသုံးပြုတာကို ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်က တောင်ကိုရီးယားမက ဒုံးခွင်းဒုံးစနစ်တပ်ဆင်ဖို့ ကြေညာခဲ့ပြီးနောက် တရုတ်က ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ သွင်းကုန်တွေကို တားမြစ်ခဲ့တာကြောင့် နှစ်နိုင်ငံဆက်ရေးအတွက် အဓိက ထိုးနှက်ချက်တခု ဖြစ်ခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက THAAD ဒုံးခွင်းဒုံးစနစ်ဟာ မြောက်ကိုရီးယား ဒုံးကျည်တွေကို တုန်ပြန်ဖို့ အဓိက ကျတယ်လို့ ရှုမြင်ပါတယ်။

THAAD ဒုံးခွင်းဒုံးစနစ်ကို ထပ်တိုးအကောင်အထည်မဖော်ဖို့နဲ့ အမေရိကန်ဦးဆောင်တဲ့ ဒုံးကျည်ကာကွယ်ရေး စစ်ဘက်ဆိုင်ရာ မဟာမိတ်အဖွဲ့မှာ မပါဝင်ဖို့ဆိုတဲ့ အရင် အစိုးရရဲ့ ကတိတွေကို စွန့်လွှတ်ဖို့ ယွန်းဆက်ယိုက အခိုင်အမာဆိုထားပါတယ်။